3:55 pm
ဝါဆိုလသည် ဗုဒ္ဓဘာသာဝင် အားလုံးတို့အတွက် လထူးလမြတ်ဖြစ်ပေသည်။ ဝါဆိုလပြည့်နေ့ကား “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဟူသည့်အတိုင်း သဗ္ဗညုတဥာဏ်ရှင် ဘုရားသခင်ကို ပဋိသန္ဓေနေတော်မူခြင်း၊ဘုရား လောင်း သိဒ္ဓတ္ထမင်းသား တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ၊ မီးအစုံတန်ခိုးပြာဋိဟာများကို ပြသတော်မူခြင်းဟူသော ထူးခြားသည့်ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ အပြင် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ရဟန်းသံဃာများ ပုရိမဝါကပ် တော်မူကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အားလုံးသည် ဝါဆိုလကို လထူးလမြတ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
ဝါဆိုလရာသီပွဲတော်များမှာ (၁) သံဃာတော်များဝါဆိုပွဲ၊ (၂) ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းကပ်လှူ ပွဲ၊ (၃) သက်ကြီးဝါကြီး ပူဇော်ကန်တော့ ပွဲတို့ဖြစ်ကြသည်။ ဝါဆိုလ ၌ကျင်းပသည့် ဘာသာရေးယဉ်ကျေးမှုပွဲများ ဖြစ်၍ ဝါဆိုပွဲတော်ဟု အမည်နာမပေး ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ သံဃာတော်များ ဝါဆိုပွဲတော်သည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် ဖြစ်ပေါ်ခဲ့သော ပွဲတော်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာ၏ တပည့်သာဝကများသည် နေပူမိုးရွာမရှောင် ဥတုသုံးလီဆယ့်နှစ်ရာသီပတ်လုံး ခရီးသွားလာနေကြသည်။ ထိုခရီးသွား သံဃာများနင်းမိသဖြင့် လူတို့ စိုက်ပျိုးထားသည့် စိုက်ပျိုးပင်များ ပျက်စီးကုန်သည်။ ပိုးမွှားစသည့် သတ္တဝါငယ်ကလေးများလည်းသေကျေ ပျက်စီးကြကုန်၏။ ထိုအခါ လူတို့ သည် သံဃာတို့အပေါ် ပြစ်တင် ရှုတ်ချကြ၏။ ” တိရစ္ဆာန်ဖြစ်သည့် ငှက်တို့ပင် မိုးကာလတစ်လျှောက်လုံးအသိုက်များတွင် ခိုအောင်းကာ စိုးရိမ် မရှိနေထိုင်ကြသည်။ သာသနာ့ ဝန်ထမ်းရဟန်းများမှာမူ ဥတုသုံးလီ ဆယ့်နှစ်ရာသီပတ်လုံး ခရီးလှည့် လည်နေကြသဖြင့် အပင်ငယ်များ ပျက်စီးကြရ၏။ ပိုးမွှားများ၊ သတ္တဝါ ငယ်များလည်း သေကျေကြရ၏” ဟု ကဲ့ရဲ့ပြစ်တင်ဆိုကြသည်။
မြတ်ဗုဒ္ဓသည် ထိုအကြောင်းကို ကြားသိတော်မူသည့်အခါ တပည့်သာဝကများအား ဆုံးမသြဝါဒပေး တော်မူပြီးလျှင် ” ရဟန်းတော်များသည် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ဖြစ်စေ၊ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ဖြစ်စေ ဝါဆို၊ ဝါကပ် ပြုကြရမည်။ ဝါတွင်းသုံးလပတ်လုံး မည်သည့်အရပ်သို့မျှ ညအိပ်ညနေ မသွားကြရ” ဟု ဝါဆို၊ ဝါကပ်ဥပဒေ ကို ပညတ်တော်မူလိုက်သည်။ ထိုအချိန်မှစ၍ သံဃာတော်များ ဝါဆို ပွဲတော်ဖြစ်လာခဲ့ပေသည်။ဝါကပ်ခြင်းသည် ပုရိမဝါကပ်ခြင်းနှင့် ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ ပုရိမဝါကပ်ခြင်းသည် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ် ခြင်းဖြစ်သည်။ သီတင်းကျွတ်လပြည့် နေ့တွင် သုံးလပြည့်၍ ဝါကျွတ်၏။ အကြောင်းမညီညွတ်သဖြင့် ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်ဆိုခြင်းသည် ပစ္ဆိမဝါကပ်ဆိုခြင်းဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့မှ သုံးလပြည့်၍ ဝါကျွတ်၏။
ထိုသို့ ကျောင်းတိုက်အလိုက် ကျင်းပသည့် ဝါဆိုပွဲသို့ လာရောက် ကြည်ညိုသဒ္ဓါပွားများကျွေးမွေး လှူဒါန်းကြသည့် ဒါယကာ၊ ဒါယိကာမများ ရှိကြသည်။ အလှူရှင် ဒါယကာ၊ ဒါယိကာမတို့ ရဟန်းသံဃာများ ဝါဆိုပြီးသည်နှင့် စားဖွယ်သောက် ဖွယ်များ ဆက်ကပ်လှူဒါန်းလေ့ရှိကြသည်။ဤကားသံဃာတော်များ ဝါဆိုပွဲကျင်းပပုံ ဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ရဟန်းသံဃာများအား ဝါဆိုလတွင် သင်္ကန်းများကပ်လှူလေ့ရှိကြသည်။ ဝါဆိုလဆန်းတစ်ရက်နေ့မှ ဝါဆိုလပြည့်နေ့အထိ ဝါမဆိုမီ ၁၅ ရက် အတွင်းကပ်လှူကြလေ့ရှိသည်။အထူး သဖြင့် ဝါဆိုလဆန်း ၁၃ ရက်၊ ၁၄ ရက်(အဖိတ်နေ့) နှင့် လပြည့် နေ့များ၌ လှူဒါန်းသူများကြသည်။ ဤသို့ ဝါဆိုတော့မည့်ရဟန်းသံဃာများ အား ဝါဆိုလဆန်း၌ပင်လှူဒါန်းသည့် သင်္ကန်းများဖြစ်သောကြောင့် “ဝါဆို သင်္ကန်း” ဟုခေါ်ကြခြင်းဖြစ်ပေသည်။
မြတ်စွာဘုရားသက်တော် ထင်ရှားရှိစဉ်ကမူ ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးအောင် သီတင်းသုံးပြီးသော ရဟန်းများအား လှူဒါန်းသော သင်္ကန်းဖြစ်သည်။ ယင်းသင်္ကန်းကို “ဝဿဝါသိက” ဟုခေါ်သည်။ ဝါဆို ပြီး ရဟန်းများကိုလှူဒါန်းသည့် သင်္ကန်းဖြစ်၍ ဝါဆိုသင်္ကန်း၊ ဝါကျွတ် သင်္ကန်းဟု ဆရာတော်ကြီးများ အနက်မြန်မာပြန်ဆိုတော်မူကြ၏။မြတ်စွာဘုရားသည် ဤဝါဆိုသင်္ကန်းကို ဝါဆိုပြီးရဟန်းတော်များအား ဝါကျွတ်သည့်အခါမှသာ ခံယူရန် ခွင့်ပြုတော်မူ၏။ ကာလကြာမြင့်လာသည့်အခါ အကြောင်းအားလျော် စွာ မကျန်းမာသူ၊ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိသူများ၊ ရုတ်တရက် သဒ္ဓါပေါက်လာသူများက အဆောတလျင်လှူဒါန်းသော “ဝဿဝါသိက” သင်္ကန်းမျိုးကို သီတင်းမကျွတ်မီ ၁ဝ ရက်အလို ဝါတွင်းကာလ၌လည်း အလှူခံခွင့် ပညတ်တော်မူလေသည်။
ထို့အပြင်ဘုရားရှင်ခွင့်ပြုသည့် ရဟန်းများမိုးအခါဝတ်ရသော “ဝဿိက သာဋိက” မည်သော မိုးရေခံသင်္ကန်းလည်းရှိသည်။ ထိုသင်္ကန်းကို ဝါခေါင် လပြည့်ကျော်တစ်ရက်နေ့မှစ၍ အလှူခံပြီး၊ ဝါဆိုလဆန်းတွင် ချုပ်ဆိုးနိုင်၊ဝတ်နိုင်ခွင့်ပြုထားသည်။ မျက်မှောက်ခေတ်တွင် မိုးရေခံ သင်္ကန်းများကို ရဟန်းတော်များ အ သုံးမပြုကြတော့သဖြင့် ပျောက်ကွယ် နေပြီဖြစ်သော မိုးရေခံသင်္ကန်းကို အစွဲပြု၍ “ဝါဆိုသင်္ကန်း” ဖြစ်ပေါ်လာသည်ဟု တချို့ပညာရှင်များက ယူဆကြသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဝါဆိုလပြည့်နေ့ သို့မဟုတ် လပြည့်ကျော်တစ်ရက်နေ့တွင် ဝါဆိုလ၏ ရာသီပန်းဖြစ်သည့် ပုန်းညက်ပန်း စသောပန်းမျိုးစုံတို့ကို စေတီပုထိုးများ၌ လှူဒါန်းလေ့ရှိကြသည်။ တချို့သည် သံဃာတော်များ ဝါဆို သည့်အခါ ပူဇော်ကပ်လှူနိုင်ရန် ဝါဆိုပန်းနှင့် ဝါဆိုဖယောင်းတိုင်ကြီး များကို ဘုန်းကြီးကျောင်းများသို့ သွားရောက်လှူဒါန်းကြသည်။ တော နှင့်နီးသော တချို့မြို့၊ ရွာများ၌မူ ကာလသားများ၊ မိန်းမပျိုလေးများ သည် အစုလိုက်၊ အဖွဲ့လိုက် တော ထဲသို့ ပျော်ပျော်ပါးပါး ဝါဆိုပန်းခူး ထွက်ကြသည်။ ခူးယူရရှိလာသည့် သပြေပန်း၊ ပုန်းညက်ပန်း စသည့် ပန်းမျိုးစုံတို့ကို စေတီပုထိုးများသို့ သွားရောက်လှူဒါန်းကြသည်။ ရန် ကုန်မြို့ရွှေတိဂုံစေတီတော် စသည့် ထင်ရှားသောစေတီပုထိုးများ၌ ဝါဆို ပန်းကပ်လှူသူများ အထူးစည်ကား လှပေသည်။
ရှေးအစဉ်အလာအားဖြင့် မြန် မာလူမျိုးများသည် အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးသူများအား ဝါဝင်တစ်ကြိမ်၊ ဝါကျွတ်တစ်ကြိမ်၊ တစ်နှစ် လျှင်နှစ်ကြိမ်ပူဇော်ကန်တော့ကြ လေ့ရှိခဲ့သည်။ ဤအစဉ်အလာ အတိုင်း မြန်မာတို့သည် ယခုခေတ် အထိ ကျင့်သုံးကြလျက်ရှိသည်။ ဘုန်းတော်ကြီးများသည်ပင်လျှင် မိမိ ထက် သိက္ခာ၊ ဝါကြီးတော်မူသည့် နီးစပ်ရာဆရာတော်ကြီးများအား ပူဇော်ကန်တော့ကြသည်။ ဤသို့ချစ်မြတ်နိုးဖွယ်ကောင်း လှသည့် ဗုဒ္ဓဘာသာဝင်များ၏ ဝါဆို လ ယဉ်ကျေးမှုအစဉ်အလာကောင်း များကို အစဉ်ထိန်းသိမ်းထားကြရမည် ဖြစ်ပေသည်။
မြတ်မင်းလှိုင်
မှီငြမ်း-ဦးအေးနိုင် (BA)
အစိုးရဓမ္မာစရိယနှင့်စေတိယင်္ဂဏ (ရွှေတံ ဆိပ်ရ အဋ္ဌကထာပြန်အကျော်) ဓမ္မာစရိယ ၏ ဆယ့်နှစ်လရာသီ၊ မြန်မာ့ရိုးရာရာသီပွဲ တော်များ