ခေတ်မီနည်းပညာသုံးငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်

0
120

ပြည်တွင်း‌၌ ခေတ်မီနည်းပညာအသုံးပြု၍ ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောသည်။

ဧပြီ (၃၀) ရက်တွင် ပြုလုပ်သည့် ပြည်တွင်း ဖူလုံစွာစားသုံးနိုင်ရေးနှင့် နိုင်ငံခြားငွေတိုးတက် ရှာဖွေပေးနိုင်သည့် ပြည်ပပို့ကုန်အဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ရေသတ္တဝါ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ကုန်ထုတ်လုပ်ငန်းများ အားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်းဖြစ်၍ နိုင်ငံတော်၏ အသားတင်ထုတ်လုပ်မှု တန်ဖိုးတိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုး တက်မှုအပေါ် များစွာတည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း ဒုဝန်ကြီးက ဆိုသည်။

ငါးဖမ်း လုပ်ငန်းများကို သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ၊ တည်ဆဲဥပဒေများ နှင့်အညီဖြစ်စေရေး ထိန်းကျောင်း ကြပ်မတ်လျက်ရှိသကဲ့သို့ ရေရှည် အတွက်  ခေတ်မီ နည်းပညာအသုံးပြု ငါး၊ ပုစွန် မွေးမြူထုတ်လုပ် မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

စီးပွားရေးတိုးတက်ရန်၊ လူမှုရေးဖွံ့ဖြိုးရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစေရန်၊ နယ်မြေလိုအပ်ချက်အရ ဇုန်များ သတ်မှတ်ထိန်းသိမ်းခြင်း၊ သဘာဝ ငါးမျိုးပွားခြင်းကို ခေတ်မီနည်းစနစ်များ အသုံး ပြု၍ လေ့လာသုံးသပ်ခြင်းတို့ဖြင့် ရေရှည်အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို စည်းရုံးပညာပေး ဆောင်ရွက်ကြရန် ဒုတိယဝန် ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိနိုင်ရန် မျှော်မှန်းထားပြီး ပြီးခဲ့သည့်  ၂၀ ၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၅ သိန်း၂ သောင်းကျော် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၇၃၀ နီးပါး ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here