အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးကျည်တွေသုံးကာ ယူကရိန်းက ခရိုင်းမီးယားကို တိုက်ခိုက်ခဲ့ကြောင်းနဲ့ ယင်းဒုံးကျည်ခြောက်စင်းကို ပစ်ချခဲ့ကြောင်း ရုရှား ပြောဆို 

0
132

ယူကရိန်းဟာ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားမှာ ရုရှားလေကြောင်းကာကွယ်ရေးကို ထိုးဖောက်ဖို့ကြိုးစားကာ အမေရိကန်လုပ် စစ်တပ်နည်းဗျူဟာလက်နက်(ATACMS) တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း၊ သို့ပေမယ့် ယင်းဒုံးကျည်တွေထဲက ခြောက်စင်းကို ပစ်ချခဲ့ကြောင်း ရုရှားအရာရှိတွေက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

မတ်လ ၁၂ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အတည်ပြုပေးခဲ့တဲ့ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာသန်း ၃၀၀ ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဝါရှင်တန်က ကိဗ်ထံ တာဝေးပစ်ဒုံးကျည်တွေ လျှို့ဝှက်ပေးပို့ခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ATACMS ဒုံးကျည်ခြောက်စင်းကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပြီး ဒုံးကျည်တွေကို ဘယ်ဒေသမှာ ပစ်ချခဲ့တယ်ဆိုတာတော့ ပြောဆိုခြင်း မရှိခဲ့ပါဘူး။ 

ရုရှားခန့်အပ်တဲ့ ခရိုင်းမီးယားဒေသအကြီးအကဲ ဆာဂေး အက်စ်ယိုနော့ဗ်ကတော့ အဓိကမြို့ဖြစ်တဲ့ ဆင်ဖာရိုပိုးလ်ရဲ့ အပြင်ဘက် Donskoye ကျေးရွာမှာ ဒုံးကျည်တစ်စင်းကို ပစ်ချခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ATACMS ဒုံးကျည် ပစ်ချခံရပြီးနောက် မပေါက်ကွဲသေးတဲ့ ခဲယမ်းမီးကျောက်တွေ ပြန့်ကျဲသွားခဲ့တယ်လို့ ၎င်းက တယ်လီဂရမ်မှာ ပြောဆိုခဲ့ပါတယ်။ ဒီလက်နက်မျိုးကို တွေ့ရှိခဲ့ပါက ကိုင်တွယ်ခြင်း၊ အနီးနားကပ်ခြင်းမျိုးမလုပ်ကြဘဲ အရေးပေါ်ဋ္ဌာနတွေ သို့မဟုတ် ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားကြဖို့လည်း ၎င်းက သတိပေးခဲ့ပါတယ်။ 

ATACMS ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ခရိုင်းမီးယားမှာ ထိခိုက်ပျက်စီးမှု တစ်စုံတရာ ဖြစ်ပေါ်ခဲ့သလားဆိုတာကိုတော့ ရုရှားက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြောင်း သိရပါတယ်။ 

ရုရှားနဲ့ ၂ နှစ်ကျော်ကြာပြီဖြစ်တဲ့ စစ်ပွဲအတွင်း ယူကရိန်းဟာ ခရိုင်းမီးယားဒေသကို ပုံမှန်လို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် အင်္ဂါနေ့က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ ယူကရိန်းက မှတ်ချက်ပေးခြင်း မရှိခဲ့ပါဘူး။ 

Ref: ရိုက်တာ၊ The Defense Post


LEAVE A REPLY

Please enter your comment!
Please enter your name here