အီရန်ကို အစ္စရေးက တိုက်ခိုက်မှုဖြစ်ပြီးနောက် လေကြောင်းလိုင်းများ လမ်းကြောင်းပြောင်း ပျံသန်းမှုလုပ်ခဲ့ကြ

0
256

အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် လေဆိပ်တွေနဲ့ လေကြောင်းပိုင်နက်တွေ ပိတ်လိုက်တာကြောင့် လေကြောင်းလိုင်းတွေဟာ ၎င်းတို့ လေယာဉ်ခရီးစဉ်လမ်းကြောင်းတွေကို ပြောင်းခြင်း သို့မဟုတ် ထွက်ခွာလေဆိပ်များသို့ ပြန်လှည့်ခြင်းတွေ အလျင်အမြန်လုပ်ခဲ့ကြတယ်လို့ ပျံသန်းမှု ခြေရာခံ အချက်အလက်များက ဖော်ပြပါတယ်။

တိုက်ခိုက်မှုပြီးနောက် အီရန်ဟာ တီဟီရန်၊ ရှီရက်ဇ်နဲ့ အစ္စဖာဟန်ဒေသရှိ လေဆိပ်တွေကို ပိတ်လိုက်သလို တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာမှာပဲ ၎င်းရဲ့ လေကြောင်းပိုင်နက် အနောက်ခြမ်းမှ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့တယ်လို့ ပျံသန်းမှုခြေရာခံ ဝက်ဆိုက်ဘ် FlightRadar24 က ဖော်ပြပါတယ်။

ဂရင်းနစ်စံတော်ချိန် ၀၄၄၅ နာရီမှာ လေဆိပ်တွေနဲ့ လေပိုင်နက်တွေကို ပြန်ဖွင့်ခဲ့ပြီး အမေရိကန် ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွဲ့(FAA) ဒေတာဘေ့စ်မှာ တင်ထားတဲ့ ပိတ်သိမ်းရေးသတိပေးချက်တွေကို ပြန်ဖယ်ရှားခဲ့ကြောင်း သိရပါတယ်။

လေဆိပ်တွေ ပြန်မဖွင့်မီက ဒူဘိုင်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Flydubai က သောကြာနေ့အတွက် အီရန်သို့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သလို အစောပိုင်းက ပျံထွက်သွားတဲ့ လေယာဉ်တစ်စင်းကိုလည်း ဒူဘိုင်းကို ပြန်လှည့်စေခဲ့တယ်လို့ ဆိုပါတယ်။

ထို့အတူ ရောမကနေ တီဟီရန်သို့ ပျံသန်းလာတဲ့ အီရန်လေကြောင်းလိုင်း လေယာဉ်တစ်စင်းဟာလည်း တူရကီနိုင်ငံ အန်ကာရာကို လမ်းကြောင်းပြောင်း ပျံသန်းခဲ့တယ်လို့ Flightradar24 က ဖော်ပြပါတယ်။

သောကြာနေ့အစောပိုင်းက တိုက်ခိုက်မှုဖြစ်အပြီး ကနဦးနာရီပိုင်းအတွင်း ဖွင့်ထားဆဲဖြစ်တဲ့ အီရန်လေပိုင်နက်ကို ဆက်လက်ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေထဲမှာ Emirates Flydubai Turkish Air Abu Dhabi Belavia လေကြောင်းလိုင်းတွေ ပါဝင်တယ်လို့ ပျံသန်းမှုခြေရာခံ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

အနောက်နိုင်ငံတွေနဲ့ အာရှလေကြောင်းလိုင်း အများအပြားကတော့ အစ္စရေးကို အီရန်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်အပြီး ရက်ပိုင်းအကြာ အစ္စရေးရဲ့ လက်တုန့်ပြန်တိုက်ခိုက်မှု မပေါ်ပေါက်မီကပဲ အီရန်နဲ့ အီရန်လေပိုင်နက်အပေါ် ဖြတ်ပျံသန်းမှုတွေကို ဖြတ်တောက်ခဲ့ထားကြကြောင်းလည်း သိရပါတယ်။

Ref: BT


LEAVE A REPLY

Please enter your comment!
Please enter your name here