ကျောက္ကာရွှေဂူနီဘုရား ဗုဒ္ဓပူဇနိယပွဲ ယခုနှစ်လည်း ကျင်းပဖြစ်မည်မဟုတ်

0
1207

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အရှေ့ဘက်၊ (၉)မိုင်အကွာ ရှိ ကျောက္ကာရွာ ရွှေဂူနီဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင်လည်း ကျင်းပသွားမည်မဟုတ်‌ကြောင်း သိရသည်။

ရွှေဂူနီဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ်ကာလမှ စတင်ကာ မကျင်းပဖြစ်ခြင်းဖြစ်ပြီး ယခုနှစ်နှင့်ဆိုလျင် မကျင်းပဖြစ်သည်မှာ (၆) နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော် မကျင်းပဖြစ်သော်လည်း နှစ်စဥ်ဘုရားပွဲရက်ဖြစ်သည့် ကဆုန်လပြည့်ကျော် (၈)ရက် နံနက်အစောပိုင်းတွင် ဘုရားအနေကဇာတင်ခြင်းကို မပျက်မကွက်ကျင်းပကြကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေဂူနီဘုရားကြီးသြဝါဒါစရိယဆရာတော်မုံရွာမြို့ရန်ကင်းဆရာတော်ကြီးနှင့် ဇောတိကာရာမ ကျောင်းဆရာတော်ကြီးတို့ ဦးဆောင်၍ ကျောက္ကာရွာမှ ဆရာတော် စုစုပေါင်း (၁၃) ပါးကို အာရုံဆွမ်းကပ်လှုကာ ရွှေဂူနီဘုရားကြီးကို အနေကဇာတင်လှုကြခြင်းဖြစ်သည်။

ရှေးဟောင်းသမိုင်းဝင် ကျောက္ကာရွှေဂူနီဘုရားကြီးကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ရာ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်မှ ၁၃၃၃ ခုနှစ်အထိ နှစ်ပေါင်း (၃၃၄) နှစ်အတွင်း (၄)ကြိမ် ရင်ပြင်တော်ချဲ့ထွင်ပြုပြင်ခဲ့ပြီး ရွှေသင်္ကန်းကိုလည်း လုံးတော်ပြည့်ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ကျောက္ကာ တောင်ရွာနှင့် မြောက်ရွာကြားရှိ ရွှေဂူနီဘုရားကြီးသည် သာလွန်မင်းတရားကြီး ပြုပြင်မွမ်းမံသည်မှ ယနေ့အချိန်ထိ နှစ်ပေါင်း (၄၀၀) ကျော်ကြာ ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးဖြစ်ပြီး လက်ရှိတွင် လပြည့်နေ့နှင့် စနေနေ့ ကျသောရက်များတွင် အလွန်ဆုတောင်းပြည့်သည်ဟုလူအများကယုံကြည်ကြသည်။

ရွှေဂူနီဘုရားကြီး၏ ဖိနပ်တော် (၃၄)တောင်၊ ဥာဏ်တော် (၇ ၂) တောင်မြင့်ပြီး အရံစေတီ (၄၃) ဆူ ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here