စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ ထမံသီဘေးမဲ့တောသို့ လာရောက်လေ့လာလိုသည့် ခရီးသွားများရှိနေသော်လည်း နယ်မြေအခြေအနေမတည်ငြိမ်မှုနှင့် ခရီးသွားလာရေးအခက်အခဲများကြောင့် လုံခြုံရေးအာမမခံနိုင်သဖြင့် ခရီးစဉ်များကို ငြင်းပယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ထမံသီဘေးမဲ့တောသည် ယခင်က နိုင်ငံခြားသားခရီးသွားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လေ့လာသူများ စိတ်ဝင်စားစွာ လာရောက်လေ့လာလေ့ရှိသည့် နေရာတစ်ခုဖြစ်ခဲ့သော်လည်း နောက်ပိုင်း ဒေသတွင်းအခြေအနေများကြောင့် လေ့လာရေးခရီးစဉ်များ ရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း သိရသည်။
“နယ်မြေဒေသကမတည်ငြိမ်တော့ ဒေသခံတွေတောင်အကုန်လုံးနဲ့အဆက်အသွယ်ပြတ်နေတာ။ သွားလာရေးလည်းမလွယ်ကူတော့ဘူး။ လေ့လာရေးခရီးစဥ်ဆိုပိုလို့တောင်မရဘူး။ နှမြောဖို့ကောင်းတယ်။ အရင်တုန်းက နိုင်ငံခြားသားဧည့်သည်တွေ အလွန်စိတ်ဝင်စားတဲ့နေရာ” ဟု ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။
လက်ရှိတွင် ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ထမံသီနှင့် ခန္တီးဒေသများ၌ နယ်မြေအခြေအနေကြောင့် ရေကြောင်းနှင့် ကုန်းလမ်းသွားလာရေး အခက်အခဲများရှိနေပြီး အရေးပေါ်နှင့် မဖြစ်မနေသွားလာရန်အတွက်သာ ဟုမ္မလင်း-မန္တလေးနှင့် ခန္တီး-မန္တလေး လေကြောင်းခရီးစဉ်များကို ရံဖန်ရံခါ အသုံးပြုနေရကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ကုန်စည်စီးဆင်းမှုအတွက်လည်း ရေလမ်းခရီးတွင် အန္တရာယ်များရှိနေသဖြင့် ခရီးလမ်းကြမ်းတမ်းသော မဟာမြိုင်လမ်းတစ်ခုတည်းကိုသာ အားထားအသုံးပြုနေရကြောင်း သိရသည်။
