Home News Local News အချိန်ကုန်မယ့်နေ့

အချိန်ကုန်မယ့်နေ့

0
142

လူသားတွေဟာ မျိုးဆက်ပေါင်းများစွာတစ်လျှောက် အချိန်ဆိုတာ စကြာဝဠာကြီးထဲမှာ မရပ်မနား တရွေ့ရွေ့ရှေ့ဆက်သွားနေတဲ့ အကြွင်းမဲ့အမှန်တရားတစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

သို့သော်လည်း ဘရာဇီးနိုင်ငံ အီတာဂျူဘာ ဖက်ဒရယ်တက္ကသိုလ်(Federal University of Itajubá)က သုတေသီ အန်ဒါဆင် ဂါမာ ဖာနန်ဒက်စ် ဒီ ဖရိုင်းတပ်စ်ရဲ့ သီအိုရီရူပဗေဒဆိုင်ရာ အရေးပါတဲ့ သုတေသနအသစ်တစ်ခုအရ အချိန်ဆိုတာဟာ စကြာဝဠာရဲ့ အနှံ့အပြားမှာရှိနေတဲ့ ကိန်းသေတစ်ခု မဟုတ်နိုင်ကြောင်း သိလာရပါပြီ။

“ဂျီဩမက်ထရစ် နာရီ”ဆိုတဲ့ အယူအဆကို မိတ်ဆက်ထားတဲ့ အဲဒီလေ့လာမှုအရ အချိန်ဆိုတာဟာ စကြာဝဠာထဲမှာ ဒြပ်ဆွဲအားကြောင့် ဟင်းလင်းပြင်-အချိန် လုံလောက်စွာ ကွေးညွတ်မှုရှိတဲ့ နေရာတွေမှာပဲ အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သိပ်သည်းဆများတဲ့ လမင်း၊ ကြယ်၊ ဂြိုဟ်တွေရဲ့ ပတ်ဝန်းကျင် ဒါမှမဟုတ် စကြာဝဠာအစောပိုင်းကာလတွေလိုမျိုး နေရာတွေပေါ့။ လုံးဝညီညာပြီး ဗလာဖြစ်နေတဲ့ ဟင်းလင်းပြင်နေရာတွေမှာတော့ အချိန်ရဲ့ သင်္ချာဆိုင်ရာ ပုံသေနည်းတည်ဆောက်ပုံဟာ စတင်ပြိုကွဲသွားပြီး အချိန်ရဲ့လုပ်ဆောင်နိုင်စွမ်း အဓိပ္ပာယ် လုံးဝပျောက်ဆုံးသွားပါတော့တယ်။

အခုအယူအဆဟာ စကြာဝဠာကြီးရဲ့ နောက်ဆုံးကံကြမ္မာအတွက် အလွန်နက်ရှိုင်းတဲ့ သက်ရောက်မှုတွေ ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ စကြာဝဠာကြီးဟာ အမြဲတန်း ဆန့်ထွက်နေပြီး အချိန်ကြာလာတာနဲ့အမျှ ပိုပြီး ညီညာပြန့်ပြူးလာတာကြောင့် စကြာဝဠာရဲ့ ကွေးညွတ်မှုဟာ တဖြည်းဖြည်း လျော့နည်းလာလို့ ပါပဲ။

အကယ်၍ ဖာနန်ဒက်စ် ဒီ ဖရိုင်းတပ်စ် ရဲ့ မော်ဒယ်သာ မှန်ကန်ခဲ့မယ်ဆိုရင် အခုလို စကြာဝဠာဆန့်ထွက်လာခြင်းဟာ စကြာဝဠာကြီးကို အချိန်ရဲ့ ချုပ်ကိုင်မှုအောက်ကနေ တဖြည်းဖြည်း လွတ်မြောက်သွားစေမှာဖြစ်ပြီး နောက်ဆုံးမှာတော့ အချိန်ရဲ့ စီးဆင်းမှုဟာ ဘာမှမရှိတော့တဲ့အထိ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ အချိန်မရှိတော့တဲ့နေ့၊ အချိန်ကုန်သွားတဲ့နေ့ဟာ ရောက်လာမှာပါ။

အနာဂတ်မှာ အချိန်မရှိတော့မယ့် အခြေအနေကို ခန့်မှန်းရုံတင်မကဘဲ အခု “ဂျီဩမက်ထရစ် နာရီ” မော်ဒယ်ဟာ ရူပဗေဒလောကမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ “အချိန်ရဲ့ ပဟေဠိပြဿနာ”ကို ဖြေရှင်းဖို့အတွက် အလားအလာရှိတဲ့ အချိုးအကွေ့တစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီပြဿနာကတော့ ကွမ်တမ် မက္ကင်းနစ် နဲ့ အိုင်းစတိုင်းရဲ့ အထွေထွေနှိုင်းရသီအိုရီတို့အကြား အချိန်ရဲ့ ပြုမူပုံနဲ့ပတ်သက်ပြီး လုံးဝသဘောထားကွဲလွဲနေကြတဲ့ ပဟေဠိပဲဖြစ်ပါတယ်။ အချိန်ဆိုတာ ဒြပ်ဆွဲအားရဲ့ ကွေးညွတ်မှုနဲ့ ဆက်စပ်နေတဲ့ ဒေသတွင်း ဖြစ်စဉ်တစ်ခုသာ ဖြစ်တယ်ဆိုတာကို ပြသခြင်းအားဖြင့် သိပ္ပံပညာရှင်တွေဟာ အက်တမ်အောက်အမှုန်ကမ္ဘာ နဲ့ အလွန်ကြီးမားတဲ့ စကြာဝဠာကြီးရဲ့ အမှန်တရား ကမ္ဘာနှစ်ခုကြားက ကွာဟချက်ကို နောက်ဆုံးမှာ ပေါင်းကူးပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Popular Mechanics(2026), Time Doesn’t Exist Everywhere and It Might Not Exist Forever

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here