အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်လ်သည် တနင်္လာနေ့က နူးဒေလီ၌ ကျင်းပသော ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ အစည်းအဝေး၏ ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဘရစ်အဖွဲ့၏ ဥက္ကဌနိုင်ငံဖြစ်သော အိန္ဒိယသည် တနင်္လာနှင့် အင်္ဂါနေ့များ၌ နူးဒေလီတွင် ဘရစ်နိုင်ငံတော်လုံခြုံရေးအကြံပေးများ၏ အစည်းအဝေးကို လက်ခံကျင်းပနေသည်။
ဒိုဗယ်လ်နှင့် ဝမ်တို့အကြား ဆွေးနွေးမှုများကို အပြုသဘောဆောင်ပြီး အနာဂတ်ကိုမျှော်ကြည့်ခြင်းအဖြစ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးတွင် မကြာသေးမီက ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြပြီး ဆက်ဆံရေး တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာသည့် တိုးတက်မှုအပေါ် မှတ်ချက်ပြုခဲ့ကြကြောင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးသည် ၂၀၂၄ ခုနှစ်တွင် တိုးတက်ကောင်းမွန်လာပြီး ၂၀၂၀ ပြည့်နှစ်က နယ်စပ်ပဋိပက္ခမှစတင်ခဲ့သော နှစ်အတော်ကြာ ပွတ်တိုက်မှုများကို အဆုံးသတ်ခဲ့သည်။
မိမိတို့သည် အချင်းချင်း၏ အဓိကအကျိုးစီးပွားများကို လေးစားရမည်ဖြစ်ပြီး အတိမ်းအစောင်းမခံသော ပြဿနာများအပေါ် မှန်ကန်ကောင်းမွန်စွာ ကိုင်တွယ်ရမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။
နှစ်နိုင်ငံဆွေးနွေးပွဲ ယန္တရားများ ပြန်လည်စတင်ရန်နှင့် ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မီဒီယာကဏ္ဍတို့တွင် ဖလှယ်မှုများကို မြှင့်တင်ရန် ဝမ်က တိုက်တွန်းခဲ့သည်။
ဘရစ် ယန္တရားသည် နိုင်ငံအများက ဦးဆောင်သောလုပ်ငန်းစဉ်ကို မြှင့်တင်ရာတွင် တက်ကြွစွာ ရပ်တည်ပြောကြားသင့်ကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။
ဘရစ်အစည်းအဝေးတွင် အဖွဲ့တည်ထောင်သူများဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကအပြင် မကြာသေးခင်က ပူးပေါင်းလာခဲ့သည့် အခြားနိုင်ငံများလည်း စုစည်းပါဝင်ခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
