ရန်ကုန်၊ ဇူလိုင် ၂၉
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ယမန်နေ့ညပိုင်းမှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ရာ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့နှင့် အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံးဝန်းကျင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အချို့နှင့် အခြားအနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ညနေပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင်လည်း နေရာကွက်ကျားမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိသည့် ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ကဲ့သို့ မိုးလေဝသဖြစ်စဉ်များ ယှဉ်တွဲဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးတိုက်တွန်းထားသည်။
