မန္တလေး၊ဇူလိုင်-၂၉
၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် ယနေ့ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌ ရေတော်ဆရာတော်အမှူးပြုသော ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မျက်နှာသစ်တော်ရေ ဆက်ကပ်လှူဒါန်းပြီး အနယ်နယ်အရပ်ရပ်မှလာရောက်ဖူးမြော်သူ ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ နံနက်ခင်း ဝတ်ပြုပူဇော်ပွဲတွင် ဘုရားဖူး ပြည်သူများ လှူဒါန်းသည့် အာရုဏ်ဆွမ်း၊ သစ်သီးဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ဆေး စသည့် လှူဖွယ်ဝတ္ထုများကို ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ ကပ်လှူပေးခဲ့သည်။
ထို့ပြင် မန္တလေးမြို့တွင်းရှိ ရပ်ကွက်ဓမ္မာရုံများ၌လည်း သီလကန်တော့ပွဲများ ကျင်းပ၍ ပြည်သူများ ဥပုသ်သီလ ဆောက်တည်ခဲ့ကြသည်။
ဝါဆိုလပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေယူတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားတော်မူခြင်း၊ ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြသတော်မူခြင်း စသည့် ထူးခြားသော ဘာသာရေးဆိုင်ရာ ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည့် သမိုင်းဝင်နေ့ဖြစ်သည်။
ယင်းနေ့သည် ဘုရားအဖြစ် ဝန်ခံတော်မူခြင်း၊ တရားရတနာနှင့် သံဃာရတနာ စတင်ပေါ်ထွန်းခြင်း၊ “ဧဟိဘိက္ခူ” ဟူသော မိန့်ခွန်းတော်ကို စတင်ကြားရခြင်းတို့အပြင် သံဃာတော်များ ဝါဆိုလပြည့်ကျော် ၁ ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်တော်မူသည့် အခါတော်နေ့လည်း ဖြစ်သည်။
ဓာတ်ပုံ – ရေတော်ဆရာတော်