လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးကုသမှုအစီအစဉ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မည်သူမဆို နံနက် ၈ နာရီမှစတင်ကာ လာရောက်ပြသနိုင်မည်ဖြစ်သည်။
ထိုသို့ ဆေးကုသပေးရာတွင် အထွေထွေအထူးကု၊ ဆီးချိုနှင့် ဟော်မုန်းအထူးကု၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ နှလုံးရောဂါအထူးကု၊ စိတ်ကျန်းမာရေးအထူးကု၊ အရေပြားအထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်နှင့် မီးယပ်ရောဂါဆိုင်ရာ စစ်ဆေးမှုများ၊ သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးကုသခြင်းများအပြင် အဆုတ်နှင့် ရင်ခေါင်းဓာတ်မှန် (X-Ray) ရို-က်ကူးခြင်း၊ ECG စစ်ဆေးခြင်းနှင့် Ultrasound (တီဗီဓာတ်မှန်) ရို-က်ကူးစစ်ဆေးခြင်းများကိုလည်း အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်သည် ပြည်သူများ လက်လှမ်းမီစွာ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
