မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။
ယမန်နေ့ (ဇွန် ၁၃ ရက်)က ထပ်မံရောက်ရှိခြင်း ဖြစ်ကာ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ထိုထောက်ပံ့ရေးပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ ပါဝင်သည်။
လက်ရှိ၌ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး – နန့်စီးအောင်- မိုးညှင်း-မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းအား မေ ၆ ရက်တွင် အပြည့်အဝထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
