ပျ-က်စီး၊ အိုမင်းဟောင်းနွမ်းနေသည့် ရုံးနှင့်ဝန်ထမ်းအိမ်ရာများကို ရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်မည်
နေပြည်တော်၊ စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရုံးအဆောက်အဦသစ် ဆောက်လုပ်နိုင်ရေးကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လျာထားတင်ပြသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက ပြောကြားသည်။
စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပေါင်းတည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေသင်းက ပေါက်ခေါင်းမြို့နယ် လဝကရုံးအဆောက်အဦသစ်ကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို မေးမြန်းရာ ဒုတိယဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် ရုံးအင်္ဂါရပ်နှင့် မညီညွတ်တော့သည့် အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ဆောက်လုပ်နိုင်ရေး နှစ်စဉ်ရန်ပုံငွေ တောင်းခံလျက်ရှိသော်လည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တို-က်ပွဲများအတွင်း မီးရှို့ဖျ-က်ဆီးခံရသည့် ရုံးများနှင့် မန္တလေးငလျင်အပါအဝင် သဘာဝဘေးကြောင့် ပျ-က်စီးသွားသည့် ရုံးများကို ဦးစားပေးလျာထားခဲ့ရကြောင်း သိရသည်။
ယင်းကြောင့် ပေါက်ခေါင်းမြို့နယ် ဦးစီးမှူးရုံးမှာ လက်ရှိဘဏ္ဍာနှစ် အစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိသေးဘဲ လာမည့်ဘဏ္ဍာနှစ်တွင် လျာထားတင်ပြကာ ရရှိသည့် ရန်ပုံငွေပမာဏအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
