Telegram ပေါ် နောက်ပြောင်ပြောဆိုမှုမှ စတင်ခဲ့ပြီး ပါဝင်သူတစ်ဦးကို ဆက်လက်ရှာဖွေနေ
ရန်ကုန်၊ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ စမ်းချောင်းလင့်ခ်ညဈေးတန်းရှေ့၌ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့်ရိုက်ခြင်းနှင့် ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူငယ်ရှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Telegram လူမှုကွန်ရက်ပေါ်တွင် နောက်ပြောင်ပြောဆိုမှုကို မကျေနပ်ရာမှ အချင်းများကာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့် ကျောင်းသားနှစ်ဦးအနက် တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ကျန်တစ်ဦးမှာ အဆုတ်နေရာ၌ ဓားဖြင့် နှစ်ချက်ထိုးခံရကာ သတိလစ်မေ့မျောခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကုသခဲ့ရသည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စစ်ဆေးကာ စုံစမ်းဖော်ထုတ်ခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်သည်ဟု ယူဆရသည့် အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းရှစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ကာ ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးကိုလည်း ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းရှာဖွေနေကြောင်း သိရသည်။
