သမ္မတ ဒေါ်နယ်ထရမ့်ဟာ CNN၊ MS NOW နဲ့ Politico တို့ကို အိမ်ဖြူတော်ထဲ ဝင်ခွင့်ပိတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အိမ်ဖြူတော်က “Trump TV: The Essentials Station” လို့ အမည်ပေးထားတဲ့ ၂၄ နာရီပတ်လုံး လွှင့်တဲ့ သူ့ရဲ့ကိုယ်ပိုင် ရုပ်သံလိုင်းကို စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီရုပ်သံလိုင်းကို တနင်္လာနေ့ ည ၇ နာရီ (အရှေ့ပိုင်းစံတော်ချိန်) မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး၊ ထရမ့်အစိုးရရဲ့ “အကြီးမားဆုံး အခိုက်အတန့်တွေကို တစ်နေရာတည်းမှာ ကြည့်နိုင်မယ့် နည်းလမ်း” လို့ အိမ်ဖြူတော်က ကြော်ငြာထားပါတယ်။
ပထမဆုံး စတင်ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုကတော့ ဒီနှစ် ဇူလိုင် ၃ ရက်နေ့တုန်းက မောင့်ရက်ရှ်မိုး (Mount Rushmore) မှာ ထရမ့် ပြောကြားခဲ့တဲ့ ၂ လကြာပြီဖြစ်တဲ့ မိန့်ခွန်းပဲ ဖြစ်ပါတယ်။
သမ္မတရဲ့ ဒုတိယလက်ထောက် Kaelan Dorr ကတော့ ဒီရုပ်သံလိုင်းဟာ “အစိုးရအဖွဲ့ရဲ့ အကောင်းဆုံး အခိုက်အတန့်တွေကို ဘာမှ ပြုပြင်မထားဘဲ တိုက်ရိုက်ထုတ်လွှင့်ပေးတာ” လို့ X (တွစ်တာ) မှာ ရေးသားခဲ့ပါတယ်။
ဒီလို ရုပ်သံလိုင်း စလွှင့်တာဟာ ထရမ့်နဲ့ သတင်းမီဒီယာတွေကြား တင်းမာမှုတွေ ပိုဆိုးလာပြီး သမ္မတရဲ့ လှုပ်ရှားမှုတွေကို ပူးပေါင်းသတင်းရယူလွှင့်တင်ပေးတဲ့ ပုံမှန် ရုပ်သံမီဒီယာအဖွဲ့ (television pool) ရဲ့ လုပ်ငန်းစဉ်တွေ ထိခိုက်နေချိန်မှာ ဖြစ်လာတာပါ။ တနင်္လာနေ့မှာတော့ CNN၊ MS NOW နဲ့ Politico တို့က အိမ်ဖြူတော်ကို ဖက်ဒရယ်တရားရုံးမှာ တရားစွဲလိုက်ပါတယ်။ သတင်းယူခွင့် ပိတ်ပင်တာဟာ သူတို့ရဲ့ သတင်းတင်ပြမှုတွေကြောင့်ဖြစ်ပြီး ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက်ပါ သူတို့ရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်တာလို့ စွပ်စွဲထားပါတယ်။
ရာသီအလိုက် သတင်းယူရမယ့် CNN ရဲ့ အလှည့်မှာ တခြားမီဒီယာနဲ့ အစားထိုးတာမျိုး မလုပ်ဘဲ၊ သမ္မတရဲ့ ပွဲစဉ်တွေကို သတင်းယူတာ ခေတ္တရပ်ဆိုင်းထားမယ်လို့ မီဒီယာအဖွဲ့က နာရီပိုင်းအကြာမှာ ကြေညာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ပုံမှန်အားဖြင့် ABC၊ CBS၊ CNN၊ Fox News နဲ့ NBC တို့ကြား အလှည့်ကျ သတင်းယူပြီး ကျန်တဲ့ သတင်းအဖွဲ့အစည်းတွေကို ဗီဒီယို မျှဝေပေးတာ ဖြစ်ပါတယ်။
ဒီကြေညာချက်ထွက်လာပြီးနောက် ဝေဖန်သူတွေဆီက ဝေဖန်သံတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့က ဒီရုပ်သံလိုင်းဟာ နိုင်ငံပိုင် ဒါမှမဟုတ် အစိုးရ ထိန်းချုပ်ထားတဲ့ မီဒီယာဖြစ်ပြီး တရုတ်နဲ့ ရုရှားတို့ရဲ့ တင်းကြပ်စွာ ထိန်းချုပ်ထားတဲ့ မီဒီယာစနစ်တွေနဲ့ တူတယ်လို့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
ထရမ့်ရဲ့ ထောက်ခံသူဟောင်း ဖြစ်ခဲ့ဖူးပေမဲ့ ခုတော့ ဝေဖန်သူဖြစ်လာတဲ့ ထင်ရှားတဲ့ လက်ယာယိမ်း လူမှုကွန်ရက် ပုဂ္ဂိုလ် Breck Worsham က X မှာ “ထရမ့်ဟာ Trump TV ဆိုတဲ့ နိုင်ငံပိုင် မီဒီယာတစ်ခုကို စတင်ဖို့ တကယ်ကြီး ပြင်ဆင်နေတာပဲ။ တခြား အာဏာရှင်တစ်ယောက်မှာလည်း နိုင်ငံပိုင် မီဒီယာ ရှိခဲ့ဖူးတယ် မဟုတ်လား၊ ဒါမှမဟုတ် ငါပဲ စိတ်ကူးယဉ်နေတာလား” လို့ ရေးသားခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက် လွှတ်တော်တိုက်ခိုက်ခံရစဉ်မှာ ကာကွယ်ပေးခဲ့တဲ့ အမေရိကန် လွှတ်တော် ရဲတပ်ကြပ်ဟောင်း Aquilino Gonell ကလည်း Trump TV ကို “တရားဝင် နိုင်ငံပိုင် မီဒီယာ” လို့ X မှာ ရေးသားဖော်ပြခဲ့ပါတယ်။
HuffPost သတင်းဌာနရဲ့ ဒုတိယအယ်ဒီတာ Philip Lewis ကလည်း ဒီရုပ်သံလိုင်းကို အိမ်ဖြူတော်ရဲ့ “နိုင်ငံပိုင် ဝါဒဖြန့်ကွန်ရက်” လို့ သုံးသပ်ခဲ့ပြီး “သတင်းမီဒီယာ သုံးခုကို ထရမ့်က ပိတ်ပင်ထားချိန်မှာပဲ အိမ်ဖြူတော်ဟာ သူတို့ရဲ့ နိုင်ငံပိုင် ဝါဒဖြန့်ကွန်ရက် ‘TRUMP TV’ ကို ကြွားဝါထုတ်ဖော်နေပြီ” လို့ ရေးသားခဲ့ပါတယ်။
