ဖနောင်ပင်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် သွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ဖနောင်ပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ရောက်ရှိခဲ့သည်။
နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန ဝန်ကြီးနှင့် ခရီးစဉ်တာဝန်ခံဝန်ကြီး H.E. Mr. THOR Chetha၊ တော်ဝင်နန်းတော်ဝန်ကြီးဌာနနှင့် အထက်လွှတ်တော် (Senate) ကိုယ်စားလှယ်များ၊ အမျိုးသားနှင့် နိုင်ငံတကာပွဲတော်များ ကျင်းပရေးအမျိုးသားကော်မတီ ကိုယ်စားလှယ်၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက အထူးလေယာဉ်ပေါ်သို့ တက်ရောက်၍ နိုင်ငံတော်သမ္မတအား ကြိုဆိုနှုတ်ဆက်ကာ လေယာဉ်ပေါ်မှ ဆင်းသက်နိုင်ပါရန် ဖိတ်ကြားခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဆင်းသက်လာချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီခင်းကျင်း၍ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
