မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၏ ပြစ်ဒ-ဏ်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားချက်အသစ်အပေါ် ဆုံးဖြတ်မည့်အစီအစဉ်ကို မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ်က သောကြာနေ့တွင် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
သောကြာနေ့က ကျင်းပသည့် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဘုတ်အဖွဲ့အစည်းအဝေးကို ဦးဆောင်ခဲ့သည့် ဘုရင် ဆူလ်တန် အီဘရာဟင်မ်က အကျဉ်းသား ၆၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း နာဂျစ်၏ လျှောက်ထားမှုကို နောက်တစ်ကြိမ် အစည်းအဝေးအထိ ရွှေ့ဆိုင်းဆွေးနွေးရန် ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ဥပဒေရေးရာဌာနခွဲက ထုတ်ပြန်သည်။
ယခုလျှောက်ထားမှုမှာ နာဂျစ်အတွက် ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခြင်းဖြစ်သည်။ နာဂျစ်သည် ၎င်းဝန်ကြီးချုပ်တာဝန်ယူစဉ် ပူးတွဲတည်ထောင်ခဲ့သည့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ 1Malaysia Development Berhad (1MDB) နှင့် ဆက်စပ်သည့် အဂတိလိုက်စားမှုအမှုတွင် ပြစ်မှုထင်ရှားခဲ့ပြီး အမြင့်ဆုံးတရားရုံးက ပြစ်ဒ-ဏ်ကို အတည်ပြုပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ ထောင်ဒ-ဏ်ကျခံနေရသည်။
1MDB အရှုပ်တော်ပုံနှင့်ပတ်သက်၍ နာဂျစ်နှင့် ဆက်စပ်သည့် ဘဏ်စာရင်းများအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲထားပြီး ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံခန့် အလွဲသုံးစားပြုလုပ်ခဲ့သည်ဟု အမေရိကန်စုံစမ်းစစ်ဆေးရေးအာဏာပိုင်များက ပြောကြားထားသည်။ နာဂျစ်ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
မလေးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်သည် သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒ-ဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်နိုင်သည့် အာဏာရှိကြောင်း သိရသည်။
Ref: The Straits Times
