အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား အထူးနှင့် ဦးစားပေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် သဘောတူခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည်။
ခေါင်းဆောင်နှစ်ဦးသည် သီတင်းနှစ်ပတ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နယူးဒေလီမြို့၌ ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဉ် အနောက်အာရှနှင့် ပင်လယ်နက်ဒေသတို့၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရေကြောင်းကုန်သွယ်မှုနှင့် အိန္ဒိယသင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးအပေါ် သက်ရောက်နေမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ဖြေရှင်းသင့်ကြောင်းနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများတွင် အိန္ဒိယနိုင်ငံအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။
ယူကရိန်းနှင့် အီရန်အရေးကြောင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်မှုအပေါ် သက်ရောက်မှုများရှိနေချိန်တွင် အိန္ဒိယသည် အမေရိကန်၊ ပင်လယ်ကွေ့အာရပ်နိုင်ငံများ၊ ရုရှား၊ အီရန်နှင့် အစ္စရေးတို့အကြား ဆက်ဆံရေးကို ချိန်ညှိထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသည်။
မိုဒီနှင့် ပူတင်တို့က နှစ်နိုင်ငံအကြားရှိ အထူးနှင့် ဦးစားပေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: Nikkei Asia
