ပင်လောင်း၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့တို့တွင် ယခု ၂၀၂၆ ခုနှစ်အတွင်း ဘိန်းအစားထိုးသီးနှံအဖြစ် ပဲပုပ်သီးနှံ လျာထားဧက ၂,၆၂၉ ဧကကို ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ပဲပုပ်သီးနှံသည် ဒေသရာသီဥတုနှင့် ကိုက်ညီပြီး တောင်သူများအတွက် ဈေးကွက်နှင့် အကျိုးအမြတ်ရှိသည့်အပြင် စားသုံးဆီနှင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်သဖြင့် ဘိန်းအစားထိုးသီးနှံအဖြစ် အဓိကထား စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက ပြောသည်။
ယခုနှစ် ပဲပုပ်သီးနှံအထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှ ၁၇ ဒသမ ၇၂ တင်းခန့်ရှိပြီး အချို့နေရာများတွင် တစ်ဧက တင်း ၃၀ ကျော်အထိ ထွက်ရှိကြောင်း သိရသည်။ ပင်လောင်းဒေသ၏ အအေးပိုင်းရာသီဥတုအခြေအနေကြောင့် ပဲပုပ်ကို မိုးရာသီတွင် အဓိကထား စိုက်ပျိုးကြသည်။
ပဲပုပ်စိုက်တောင်သူများ ပိုမိုတိုးပွားလာစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးခြင်းနှင့် မျိုးစေ့၊ လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် ပင်လောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၀ ၌ ပဲပုပ်ကို ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးနေပြီး ထွက်ရှိသည့်ပဲပုပ်များမှ ပဲနို့၊ ပဲငါးပိ၊ ပဲပုပ်ဆီနှင့် ပဲပုပ်ဆီလှော် စသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
