နေပြည်တော်၊ဇူလိုင်-၁၈
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများသို့ ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒီပလိုမာသင်တန်းများမှာ သင်တန်းကာလ (၃) နှစ်ဖြစ်ပြီး သင်တန်းကို ထူးချွန်စွာအောင်မြင်သူများအနေဖြင့် စိုက်ပျိုးရေးဒီပလိုမာရရှိသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့၊ မွေးမြူရေးဒီပလိုမာရရှိသူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
စိုက်ပျိုးရေးဒီပလိုမာသင်တန်းကို ပျဉ်းမနား၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမော့ဆို၊ ဘားအံ၊ လုံပီး၊ ကျောက်တော်နှင့် ဟုမ္မလင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများတွင် တက်ရောက်နိုင်မည်ဖြစ်ပြီး မွေးမြူရေးဒီပလိုမာသင်တန်းကို ပျဉ်းမနား၊ ပုသိမ်ကြီး၊ ဟဲဟိုး၊ ပွင့်ဖြူ၊ သာယာဝတီ၊ သထုံ၊ မြစ်ကြီးနား၊ ဘားအံ၊ မြောင်းမြနှင့် ဟုမ္မလင်းရှိ ကျောင်းများတွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
လျှောက်ထားသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် စိုက်ပျိုးရေးဒီပလိုမာသင်တန်းအတွက် ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များပါဝင်သည့် ဘာသာတွဲဖြင့် အောင်မြင်ထားသူများ၊ မွေးမြူရေးဒီပလိုမာသင်တန်းအတွက် ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့်လည်း သက်ဆိုင်ရာအတတ်ပညာကို Grade A သို့မဟုတ် Grade B ဖြင့် အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်။
ထို့ပြင် လျှောက်လွှာပိတ်ရက်ဖြစ်သည့် စက်တင်ဘာ ၁၄ ရက်တွင် အသက် (၂၂) နှစ်ထက် မကျော်လွန်ရမည်ဖြစ်ပြီး သတ်မှတ်ထားသော အထောက်အထားစာရွက်စာတမ်းများနှင့်အတူ မိမိတက်ရောက်လိုသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင် အခမဲ့ရယူနိုင်သည့် ဝင်ခွင့်လျှောက်လွှာကို ဖြည့်စွက်ကာ သတ်မှတ်ရက်မတိုင်မီ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်သည်။
သတ်မှတ်ရက်ကျော်လွန်သည့် သို့မဟုတ် အချက်အလက်မပြည့်စုံသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်းနှင့် ဝင်ခွင့်ရရှိသူများကို လျှောက်လွှာတင်သွင်းထားသည့် သက်ဆိုင်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများမှ အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
photo: edge