Home Movies အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်

အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်

0
90

နေပြည်တော်၊ဇူလိုင်-၁၈

အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေက ပြောသည်။

ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ တွင် အဆိုတင်သွင်းချိန်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်းထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေး ရန်ပုံငွေ တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ နည်းဥပဒေ ပြဌာန်းရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။

“အမေရိကန်မှာအခြေစိုက်ပြီး နိုင်ငံပေါင်း(၅၄)နိုင်ငံမှာ ဝန်ထမ်းပေါင်း(၄)သောင်းကျော်နဲ့ အာမခံလုပ်ငန်းလည်ပတ်နေတဲ့ CHUBB(ချပ်)ကုမ္ပဏီဟာ ၂၀၂၅ ခု၊ ဒီဇင်ဘာ(၁၅)မှာ ပိတ်သိမ်းပြီးထွက်ခွာသွားခဲ့တယ်၊ အာမခံထားတဲ့ပြည်သူများမှာ မိမိတို့ ရပိုင်ခွင့်များကို ဘယ်ဌာနနဲ့ဆက်သွယ်ပြီး ဘယ်လိုရယူရမလဲဆိုတာမသိဘဲ အခက်အခဲများဖြစ်နေတယ်လို့ သိရပါတယ်” ဟု အဆိုတင်သွင်းချိန်တွင် ဒေါ်ခင်ဆွေ က ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားအာမခံကုမ္ပဏီ(၅)ခုကို မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး CHUBB (ချပ်)၊ AIA(အေအိုင်အေ)၊ Potential (ပိုတင်ရှယ်)၊ Menulife (မန်ညူလိုက်ဖ်)၊ Dieishi (ဒိုင်အိရှိ) ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

အစိုးရတာဝန်ရှိလူကြီးများအနေဖြင့် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ပါကြောင်းလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေ ကထည့်သွင်းပြောကြားခဲ့သည်။

အာမခံကုမ္ပဏီတစ်ခုရပ်ဆိုင်းခြင်း(သို့)ထွက်ခွာသွားခြင်းရှိပါက မြန်မာ့အာမခံလုပ်ငန်း(သို့) အခြားအာမခံကုမ္ပဏီတစ်ခုသို့ ပေါ်လစီများလွှဲပြောင်းပေးနိုင်သည့်စနစ်ကို ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်ရှင့်။ အကယ်၍ ဥပဒေပြဋ္ဌာန်းပြီးသားရှိလျှင်လည်း ဥပဒေနှင့်အညီ နစ်နာသူပြည်သူများအတွက် အမြန်ဆုံးဆောင်ရွက်ပေးပါရန် တိုက်တွန်းထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here