မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကို ဇွန် ၃၀ ရက် နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာအစိုးရဌာနများနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် အတွင်းရေးမှူးက ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ကော်မရှင်၏ အဆုံးအဖြတ်ရယူရမည့် အမှာစာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
