ဒီနေ့ ကြာသပတေးနေ့က ထိုင်းနိုင်ငံ မုခ်ဒါဟာန်ပြည်နယ်၊ မွေအန်းခရိုင်၊ ဘန်နာဆီနွမ်ရွာမှာ ဘုရားဖူးခရီးစဉ်နဲ့ လမ်းလျှောက်ကြွချီလာတဲ့ ရဟန်းတော်များအဖွဲ့ကို အသက် (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦး မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့တဲ့အတွက် ရဟန်းတော် (၈) ပါး ပျံလွန်တော်မူပြီး ရဟန်းတော် ဆယ်ပါးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကလေးငယ်ရဲ့ မိခင်က မုခ်ဒါဟာန်ရဲစခန်းမှာ ထွက်ဆိုခဲ့ရာမှာတော့ သူမအနေနဲ့ သားဖြစ်သူ ကားကိုယူသွားတာကို မသိလိုက်ပဲ၊ သိလိုက်ရတဲ့အချိန်မှာတင် ချက်ချင်းပဲ ထိုင်းနိုင်ငံရဲ့ (၁၉၁) အရေးပေါ်ဖုန်းလိုင်းကို ဆက်သွယ်ပြီး ကားကိုတားဆီးပေးဖို့ ရဲတပ်ဖွဲ့ကိုအကူအညီတောင်းခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့တွေ မရောက်မီမှာပဲ ကားအရှိန်မထိန်းနိုင်ဘဲ ရဟန်းတော်တွေအဖွဲ့ကို ဝင်တိုက်မိခဲ့တာဖြစ်ပြီး၊ မိခင်ရဲ့ပြောပြချက်အရတော့ ဒီလိုမျိုးလုပ်ရပ်မျိုးကို သူမရဲ့သားဟာ အခုတစ်ကြိမ်မှ ပထမဆုံးအကြိမ် လုပ်မိတာလို့ ဆိုပါတယ်။
အခုလက်ရှိမှာတော့ ကလေးငယ်ဟာ စိတ်ဒဏ်ရာရပြီး တုန်လှုပ်နေတဲ့အတွက် စစ်ဆေးမေးမြန်းမှုတွေ မလုပ်နိုင်သေးကြောင်း၊ ကလေးသူငယ်ဖြစ်တဲ့အတွက် ဥပဒေအရ ဘက်စုံကျွမ်းကျင်သူတွေပါဝင်တဲ့ အဖွဲ့နဲ့ စနစ်တကျ စစ်ဆေးရမှာဖြစ်ကြောင်း မုခ်ဒါဟာန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲဗိုလ်ချုပ် Phairoj Thaiphutra က ပြောကြားထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ ကလေးငယ် ကားကို ဘယ်လိုရယူပြီး မောင်းနှင်လာသလဲဆိုတာကို စုံစမ်းနေသလို၊ မှုခင်းကျွမ်းကျင်သူတွေကလည်း ကားကို စစ်ဆေးနေပါတယ်။ မိဘတွေကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး၊ အသက် (၁၅) နှစ်အောက် ကလေးငယ်ဖြစ်တဲ့အတွက် ဥပဒေအရ စီရင်ချက်တွေကတော့ နောက်ပိုင်းမှ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို မိဘတွေအနေနဲ့လည်း တာဝန်ရှိတဲ့အတွက် အရေးယူခံရဖို့ ရှိနေပါတယ်။
နောက်ဆုံးရသတင်းတွေအရတော့ ပြည်သူ့ကျန်းမာရေးဌာနက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ ရဟန်းတော်တွေအနက် ရဟန်းတော် (၄) ပါးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး (၁၀) ပါးက ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိထားသလို၊ သူတို့အထဲက (၂) ပါးကတော့ သရက်ရွက် ပေါက်ပြဲသွားပြီး အခြားရဟန်းတော် အများအပြားမှာလည်း အရိုးကျိုးဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။
