ကြာသပတေးနေ့တွင် အားကစားပွဲများကို စတင်လက်ခံကျင်းပနေသည့် နာဂိုယာမြို့တွင် စံချိန်တင်မိုးရွာသွန်းမှုကြောင့် ဂျပန်နိုင်ငံရှိ အာရှအားကစားပြိုင်ပွဲဝင် ကစားသမားရာပေါင်းများစွာကို ၎င်းတို့တည်းခိုရာနေရာများမှ ယာယီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
မိုးရေများသည် ပြိုင်ပွဲကျင်းပရာနေရာအချို့သို့လည်း စိမ့်ဝင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး လာမည့်ရက်များတွင် မိုးရွာသွန်းမှုများ ပိုများလာနိုင်ကြောင်း ခန့်မှန်းထားသည်။
အင်္ဂါနေ့က နာဂိုယာတွင် တစ်နာရီအတွင် မိုးရေချိန် လေးလက်မခန့်အထိ ရွာသွန်းခဲ့သောကြောင့် မြို့၏ အစိတ်အပိုင်းများတွင် ဘေးလွတ်ရာရွှေ့ပြောင်းရန် မြူနီစီပယ်အရာရှိများ က အမိန့်ထုတ်ခဲ့ရသည်။
လူသားများ၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုသည် ဂျပန်နိုင်ငံနှင့် ကမ္ဘာ့အခြားနေရာများတွင်ပါ ရာသီဥတုဖြစ်ရပ်များ၏ ကြိမ်နှုန်းနှင့် ပြင်းထန်မှုကို တိုးမြင့်စေသည်ဟု သိပ္ပံပညာရှင်များက ပြောဆိုကြသည်။
ယခုနှစ် အာရှအားကစားပြိုင်ပွဲတွင် အားကစားရွာ ကို မထားရှိဘဲ စီစဉ်သူများက အပျော်စီးသင်္ဘော၊ ယာယီသစ်သားအခန်းများနှင့် ဟိုတယ်များကို စီစဉ်ပေးထားသည်။
မြို့၏ ဂါးဒင်းဆိပ်ခံဧရိယာရှိ သစ်သားအခန်းများတွင် နေထိုင်သော အားကစားသမား ရာပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အကြောင်းကြားခဲ့ကြောင်း နာဂိုယာဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်တွင် ဖွင့်ပွဲအခမ်းအနားဖြင့် တရားဝင်စတင်မည်ဖြစ်သော်လည်း အချို့အားကစားပွဲများကို စတင်ကျင်းပနေပြီဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
