ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးရေလျှံမှုဒဏ်ခံစားနေရသူများအတွက် ဩစတြေးလျဒေါ်လာ ၄၀၀,၀၀၀ ထပ်တိုးကူညီပံ့ပိုးမည်ဖြစ်ကြောင်း ယမန်နေ့ က ဩစတြေးလျသံရုံး(မြန်မာ) က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါအကူအညီများကို ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
ဩစတြေးလျအနေဖြင့် မြန်မာနိုင်ငံ၏နေရာအများအပြားတွင်ဖြစ်ပွားခဲ့သော ဆိုးရွားသည့်ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရသူများနှင့်ထပ်တူ ဝမ်းနည်းမိကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။
မိမိတို့၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ထိခိုက်မှုအပြင်းထန်ဆုံးဒေသအများအပြားအပါအဝင် မြေပြင်တွင် အကူအညီများပေးအပ်လျက်ရှိကြောင်းလည်း သိရသည်။
အဆိုပါ ပံ့ပိုးမှုများမှ ဘေးကင်းလုံခြုံသော သောက်သုံးရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ဆီ ပိုမိုလက်လှမ်းမီနိုင်ကြစေရန်၊ အရေးပေါ်အမိုးအကာနှင့် အိမ်ထောင်စုအသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန်၊ အစားအစာနှင့် တစ်ဦးချင်းကာကွယ်စောင့်ရှောက်မှုဆိုင်ရာအကူအညီများပေးအပ်နိုင်စေရန် အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
