နေပြည်တော်၊စက်တင်ဘာ ၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနက ဖွင့်လှစ်မည့် ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိ (Radiation Protection Officer – RPO) သင်တန်း အပတ်စဉ် (၃) အတွက် သင်တန်းသားများ လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်းရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ၂၅ ဦး လက်ခံမည်ဖြစ်သည်။
သင်တန်းဝင်ခွင့်အတွက် သိပ္ပံဘွဲ့တစ်ခုခုရရှိထားပြီး အစိုးရ သို့မဟုတ် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ဓာတ်ရောင်ခြည်နည်းပညာကို အသုံးပြု၍ တာဝန်ထမ်းဆောင်နေသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။
သင်တန်းချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ဖြစ်ပြီး သင်တန်းကာလတစ်လျှောက် အချိန်ပြည့် တက်ရောက်နိုင်သူများ ဖြစ်ရမည်။
သင်တန်းကြေးအနေဖြင့် အစိုးရဝန်ထမ်းများအတွက် အခမဲ့ ဖြစ်ပြီး ပုဂ္ဂလိကဝန်ထမ်းများအတွက် ကျပ် ၃ သိန်း သတ်မှတ်ထားသည်။
လျှောက်ထားလိုသူများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်းများကို အဏုမြူစွမ်းအင်ဦးစီးဌာန၏ www.daemyanmar.com တွင် ကြည့်ရှုနိုင်ပြီး လျှောက်လွှာကို Download ရယူကာ [email protected] သို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
ရွေးချယ်ခံရသည့် သင်တန်းသားစာရင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ဒုတိယပတ် တွင် အဆိုပါဝက်ဘ်ဆိုက်၌ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အဏုမြူစွမ်းအင်ဦးစီးဌာန၊ စီမံရေးရာဌာနခွဲ ၀၆၇-၃၄၀၄၀၁၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
အဏုမြူစွမ်းအင်ဦးစီးဌာနသည် ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများ မြှင့်တင်ပေးရန် RPO သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။
