(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘော လုံးအသင်း၏ ကစားသမား(၂၃)ဦးအမည်စာရင်းကို အမျိုးသမီးအသင်းနည်းပြချုပ် ကောလင်းဘဲလ်က ထုတ်ပြန်ခဲ့သည်။
မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲတွင် အုပ်စု(B)၌ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူကျရောက်လျက်ရှိကာ စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်အားလုံးကို ဂျပန်နိုင်ငံ Osaka မြို့ရှိ Nagai Stadium ၌ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် စက်တင်ဘာ ၁၀ ရက်တွင်ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း(၁၂)သင်းကို အုပ်စု(၃)စုခွဲ၍ယှဉ်ပြိုင်စေမည်ဖြစ်ပြီး အုပ်စုတစ်စုစီမှ အဆင့်(၁)နှင့် (၂)ရရှိသည့် အသင်းများအပြင် တတိယနေရာရအသင်းများအနက် အကောင်းဆုံး(၂)သင်း(စုစုပေါင်း ၈ သင်း)မှာ ကွာတားဖိုင်နယ်အဆင့်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
