ဆီရမ်ရိ၊ စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဆီရမ်ရိပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ် အန်ကောဒေသအတွင်းမှ ကမ္ဘာကျော် အန်ကောဝပ်ကျောင်းတော်သို့ သွားရောက်လေ့လာခဲ့သည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အန်ကောဝပ်ကျောင်းတော်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ၊ ခမာဗိသုကာလက်ရာများ၊ ကျောက်ဆစ်ပန်းပုနှင့် နံရံပန်းချီ၊ ရုပ်ကြွလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများကိုလည်း လေ့လာခဲ့သည်။
အန်ကောဝပ်ကျောင်းတော်သည် ခမာဘုရင် Suryavarman II လက်ထက် ၁၂ ရာစုအစောပိုင်းတွင် တည်ဆောက်ခဲ့သည့် ရှေးဟောင်းဘာသာရေးအဆောက်အအုံဖြစ်ပြီး အစောပိုင်းတွင် ဟိန္ဒူဘာသာရေးကျောင်းတော်အဖြစ် တည်ဆောက်ခဲ့ကာ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် ဆက်နွှယ်သည့် ဘာသာရေးအဆောက်အအုံအဖြစ် အသုံးပြုလာခဲ့သည်။
ကျောင်းတော်ကို ကျောက်တုံးကြီးများဖြင့် အဓိကတည်ဆောက်ထားပြီး အလယ်ဗဟိုရှိ မျှော်စင်ငါးခု၊ ကျောင်းတော်ပတ်လည်ရှိ ရေကန်ကြီးနှင့် Ramayana၊ Mahabharata အပါအဝင် ရှေးဟောင်းဇာတ်ကြောင်းများကို ပုံဖော်ထားသည့် ရုပ်ကြွကျောက်ဆစ်လက်ရာများကြောင့် ထင်ရှားသည်။
အန်ကောဝပ်တည်ရှိရာ အန်ကောရှေးဟောင်းသုတေသနဒေသသည် ခမာအင်ပါယာခေတ်၏ ဗိသုကာ၊ အနုပညာ၊ မြို့ပြစီမံကိန်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထင်ဟပ်ဖော်ပြနေသည့် အရေးပါသော ရှေးဟောင်းဒေသဖြစ်ပြီး UNESCO က ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းသတ်မှတ်ခဲ့သည်။
အန်ကောဝပ်ကျောင်းတော်သည် ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ အမျိုးသားသင်္ကေတတစ်ခုအဖြစ် တည်ရှိပြီး ယင်း၏ပုံရိပ်ကို ကမ္ဘောဒီးယားနိုင်ငံတော်အလံတွင်လည်း ထည့်သွင်းဖော်ပြထားသည်။
