မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား ရေနံနည်းစနစ်ကျတွင်း တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ယမန့်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များ ပူးပေါင်း၍ နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ရန် လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် (Operating Agreement) ကို လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခင်က ခွင့်ပြုပေးထားသည့် ရေနံလက်ယက်တွင်း တူးဖော်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်ပိုင်ရေနံ သယံဇာတများအား လေလွင့်ဆုံးရှုံးမှု နည်းပါးစွာ ရေရှည်အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးတွေကို စနစ်တကျ စိစစ်ခွင့်ပြုပေးမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကပြောသည်။
ပြည်တွင်းရေနံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးတို့အပြင် ပြည်တွင်းလုပ်ငန်းရှင်များ၏ ကိုယ်ပိုင်ငွေကြေးအရင်းအနှီးများအား ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံစေရန်ရည်ရွယ်၍ ရေနံနည်းစနစ်ကျတွင်း (Stan-dard Well)များ တူးဖော်ထုတ်လုပ်နိုင်ရန်အတွက် တင်ပြလာသည့် ကုမ္ပဏီများကို စနစ်တကျစိစစ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်များ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထွက်ရှိလာမည့် ရေနံစိမ်းများကို စနစ်တကျသန့်စင်ပြီး နိုင်ငံပိုင်ရေနံချက်စက်ရုံများသို့ ပို့ဆောင်ချက်လုပ်သွားမည်ဖြစ်ရာ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြီး လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးကာ စာချုပ်များ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။
