ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်ရှိ အခြေခံ ပညာစာသင်ကျောင်း(၁၉)ကျောင်းတွင် ဆရာ၊ ဆရာမများလစ်လပ်လျက်ရှိ၍ လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထားမည်ဟု ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနေမျိုးလှိုင်က ပြောသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး(၁၆)ရက်မြောက်နေ့ဖြစ်သည့် ဇွန် ၃၀ ရက်တွင် မိုင်းကိုင်မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းမွှေး၏ ” မိုင်းကိုင်မြို့နယ်တွင် ကျောင်းပေါင်း(၁၉)ကျောင်းမှ ဆရာ၊ ဆရာမများလစ်လပ်နေခြင်း၊ ဆရာ(၁)ဦးတည်းသာတာဝန်ထမ်းဆောင်နေရခြင်းများကြောင့် လစ်လပ်နေသောနေရာများကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ”မေးခွန်းကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မိုင်းကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အ တွင်း ဆရာ၊ ဆရာမများ လုံးဝလစ်လပ်နေသည့်ကျောင်း(၁၉)ကျောင်းရှိရာ ယင်း ကျောင်းများတွင်တက်ရောက်နေသည့် ကျောင်းသား/သူများသင်ကြားသင်ယူမှုမဆုံးရှုံးစေရန် မြို့နယ်အတွင်းရှိ ကျောင်းအုပ်စုအလိုက် ဆရာအင်အားပြည့်မီသောကျောင်းများမှ ဆရာ၊ ဆရာမများအား ယင်း ကျောင်းများ၌တွဲဖက်သင်ကြားရန်ဆောင်ရွက်ထားသည်ဟု ပြောသည်။
ထို့ပြင် ဆရာလစ်လပ်လျက်ရှိသော ကျောင်းများတွင် ယခင်နှစ်များအတိုင်း ဆက်လက်တွဲဖက်တာဝန်ထမ်းဆောင်စေပြီး ကျောင်းနေအရွယ်ကလေးများ၏ ပညာ ရေးနှောင့်နှေးမှုမရှိစေရန် ပညာရေးဒီဂရီကောလိပ်များမှ သင်တန်းဆင်းဆရာ၊ ဆရာမများအား သတ်မှတ်မူနှင့်အညီ လစ်လပ်နေရာများဖြည့်ဆည်းခန့်ထားပေးခြင်း၊ ရာထူးတိုး/ပြောင်းကိစ္စများဆောင်ရွက်ချိန်တွင် လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထားပေးမည်ဟု ပြောကြားခဲ့သည်။