အမျိုးသမီးများ၏ ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ပိုမိုထင်ဟပ်စေသည့် အမည်သစ် “အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ” (PMOS)
ရန်ကုန်၊ မြန်မာ၊ ဇွန်လ ၂၆ ရက် ၂၀၂၆။ ။ မျိုးဥအိမ် ရေအိတ်တည်ခြင်း (Polycystic Ovary Syndrome – PCOS) ဆိုတာ မျိုးပွားနိုင်တဲ့ အသက်အရွယ်ရောက်ရှိနေတဲ့ အမျိုးသမီး (၈) ယောက်မှာ (၁) ယောက်နှုန်း ဖြစ်ပွားနေပြီး တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားသူဦးရေ စုစုပေါင်း သန်း (၁၇၀) ဝန်းကျင် ရှိနေတဲ့ ရောဂါဖြစ်ပြီးတော့ ယခုအခါမှာ သူ့ကို အမည်သစ် ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ အရင်နာမည် PCOS (မျိုးဥအိမ် ရေအိတ်တည်ခြင်း) ဆိုတာက မျိုးဥအိမ်ရေအိတ်နဲ့သက်ဆိုင်တဲ့ ရောဂါသက်သက်လို့ နားလည်စေခဲ့ပေမယ့် တကယ့်လက်တွေ့မှာ PCOS ဖြစ်နေပေမယ့် မျိုးဥအိမ်ရေအိတ် လုံးဝမရှိနေနိုင်မျိုးလည်း ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် မကြာသေးခင်ကပဲ PCOS ကို ပိုပြီးတိကျပြည်စုံအောင် ဖော်ပြနိုင်စေဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအသိုင်းအဝိုင်းကနေ အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါ (Polyendocrine Metabolic Ovarian Syndrome – PMOS) လို့ အမည်ပြောင်းလဲခေါ်ဆိုဖို့အတွက် အဆိုပြုခဲ့ပါတယ်။ ဒီလိုအမည်ပြောင်းလဲရတဲ့ အကြောင်းရင်းကတော့ PCOS ဟာ မျိုးဥအိမ်ရေအိတ်တွေ ဒါမှမဟုတ် မျိုးပွားမှုစနစ်နဲ့ပဲ သက်ဆိုင်တဲ့ အခြေအနေမဟုတ်ဘဲ၊ ဟော်မုန်းမညီမျှမှုတွေ၊ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်နဲ့ ကိုယ်အလေးချိန်အပြင် ရေရှည်ကျန်းမာရေးအခြေအနေတွေနဲ့လည်း ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။
အမည်သစ်ပြောင်းလဲသတ်မှတ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေအနေနဲ့ ဒီကျန်းမာရေး အခြေအနေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်နိုင်စေပြီး အထူးသဖြင့် အင်ဆူလင်တုံ့ပြန်မှု လျော့နည်းခြင်းကနေ အဝလွန်တာ၊ ဆီးချိုရောဂါအစပျိုးအခြေအနေနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားတာတွေအပြင်၊ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေလိုမျိုး မကူးစက်နိုင်သောရောဂါများ (Non-Communicable Diseases) ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ကြောင်း သတိပြုမိစေနိုင်ဖို့ပဲဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်တွေအရ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေနဲ့ PMOS (ယခင် PCOS) ဖြစ်ပွားခဲ့ဖူးတဲ့ မျိုးရိုးရှိသူ အမျိုးသမီးတွေဟာ PMOS ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် PMOS ဟာ ရောဂါအသစ်တစ်မျိုး မဟုတ်ဘဲ၊ ရောဂါရဲ့ အခြေအနေကို အမှန်တကယ်ဖြစ်ပေါ်တတ်တဲ့ သဘောသဘာဝနဲ့ ပိုမိုကိုက်ညီစွာ ဖော်ပြနိုင်စေဖို့အတွက် ပြောင်းလဲသတ်မှတ်လိုက်တဲ့ အမည်အသစ်တစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အထိ လေ့လာတွေ့ရှိချက်တွေအရ အရှေ့တောင်အာရှမှာရှိတဲ့ အမျိုးသမီးတွေအကြား PMOS ဖြစ်ပွားသူဦးရေဟာ ခန့်မှန်းခြေ (၁၀.၅၂) သန်းခန့် ရှိကြောင်း သိရှိရပါတယ်။ PMOS ရဲ့ အနီးစပ်ဆုံးလက္ခဏာတွေကတော့ ရာသီစက်ဝန်း မမှန်တာ၊ ဝက်ခြံ ထွက်တာ၊ ခန္ဓာကိုယ်အမွှေးအမျှင် ပုံမှန်ထက် ပိုထွက်လာတာ၊ ဆံပင်ပါးလာတာ၊ ကိုယ်အလေးချိန် တက်လွယ်တာနဲ့ ကိုယ်ဝန်ရဖို့ ခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချို့လူတွေအတွက် အစောပိုင်းအဆင့်မှာ ထင်ရှားတဲ့ လက္ခဏာတွေ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတို့ဟာ ကိုယ်ထင်ထားတာထက် ပိုပြီး ကိုယ်နဲ့နီးကပ်စွာရှိနေနိုင်တာကို အမျိုးသမီးတိုင်း သတိပြုသင့်ပါတယ်။ အမျိုးသမီးတွေအတွက် ဒီအခြေအနေတွေဟာ အစောဆုံးအနေနဲ့ အပျိုဖော် စဝင်တဲ့အရွယ်၊ မျိုးပွားနိုင်တဲ့အရွယ် ဒါမှမဟုတ် အလုပ်လုပ်ကိုင်နေတဲ့အရွယ်တွေမှာ စတင်နိုင်တဲ့အတွက် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ပုံမှန်ဖြတ်သန်းနေရင်း ကိုယ်သတိမထားမိလိုက်တဲ့ အချိန်အတွင်းမှာပဲ ဖြစ်ပွားနေနိုင်ပါတယ်။
အာရှဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဖြေရှင်းချက်တွေ ပံ့ပိုးပေးနေတဲ့ ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ Zuellig Pharma အနေနဲ့ PMOS အကြောင်း အသိပညာမြှင့်တင်ခြင်းဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်အဖြစ် အသိအမှတ်ပြုထားပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ PMOS နဲ့အတူ နေထိုင်နေရတဲ့ အမျိုးသမီးတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပေးရန်ဖြစ်ပြီး၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကနေ အချက်ပြနေတဲ့ လက္ခဏာတွေကို သတိထားပြီး ဂရုစိုက်ဖို့နဲ့ ရာသီစက်ဝန်း အပြောင်းအလဲတွေ၊ ကိုယ်အလေးချိန်နဲ့ အရေပြားအခြေအနေတွေကို သတိထားစောင့်ကြည့်ဖို့ တစ်ဖက်တစ်လမ်းကနေ အသိပညာပေးတိုက်တွန်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ကိုယ့်ရဲ့ အခြေအနေတွေကို သတိထားစောင့်ကြည့်ခြင်းကနေ PMOS အပြင် ဖြစ်လာနိုင်တဲ့ ဆီးချိုရောဂါနဲ့ အဝလွန်ခြင်း တို့အတွက်လည်း စစ်ဆေးမှုတွေကို အချိန်မီခံယူနိုင်မှာ ဖြစ်ပါတယ်။ စောစီးစွာ ကျန်းမာရေးစစ်ဆေးခြင်းဟာ ကိုယ်နဲ့သင့်တော်တဲ့ ကုသမှုနည်းလမ်းတွေကို ရွေးချယ်နိုင်မယ့် အခွင့်အရေးကို ပိုမိုတိုးမြှင့်ပေးနိုင်တဲ့အပြင်၊ နောက်ပိုင်းမှာ ဆင့်ပွားဖြစ်ပေါ်လာနိုင်တဲ့ မကူးစက်နိုင်သောရောဂါများ (NCDs) ကြောင့် ကုန်ကျနိုင်တဲ့ ဆေးကုသမှုစရိတ် အခက်အခဲတွေကိုလည်း လျှော့ချနိုင်စေမှာပဲ ဖြစ်ပါတယ်။
PMOS နဲ့ အခြားသော ဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေးအန္တရာယ်များ ရှိနိုင်သည်ဟု သံသယရှိပါက အမျိုးသမီးများ အနေဖြင့် သတိပြုစောင့်ကြည့်သင့်သည့် လက္ခဏာ (၅) ချက်
၁။ ရာသီရပ်သွားခြင်း၊ ရာသီလာချိန်ကျဲလွန်း၊ စိပ်လွန်းခြင်း စသည့် ရာသီစက်ဝန်းမူမမှန်ခြင်း၊ ရာသီသွေးဆင်းမှု ပုံမှန်ထက်များခြင်း၊ သို့မဟုတ် ရာသီစက်ဝန်းခန့်မှန်းရခက်ခဲခြင်း
၂။ သွေးတွင်းသကြားဓာတ် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် အမျိုးအစား (၁) ဆီးချိုရောဂါ သို့မဟုတ် အမျိုးအစား (၂) ဆီးချိုရောဂါရှိခြင်း
၃။ မျက်နှာ၊ ရင်ဘတ်၊ ဗိုက် သို့မဟုတ် ပေါင်အပေါ်ပိုင်းများတွင် အမွှေးအမျှင်များ ပုံမှန်ထက်ပိုပြီး အလွန်အကျွံ ထွက်ခြင်း
၄။ ဝက်ခြံအများအပြားထွက်ခြင်း၊ ဆယ်ကျော်သက်အရွယ် ကျော်လွန်ပြီးသည့်နောက်တွင်လည်း ဝက်ခြံများ ဆက်လက်ပေါက်နေခြင်း သို့မဟုတ် ပုံမှန် ဝက်ခြံကုသမှုများ ခံယူသော်လည်း မသက်သာခြင်း
၅။ အိပ်စက်ချိန်တွင်ဟောက်ခြင်း၊ အိပ်စက်ပြီးနောက်တွင်လည်း လန်းဆန်းမှုမရှိခြင်း၊ နေ့ဘက်တွင်လည်း အိပ်ငိုက်လွယ်ခြင်း သို့မဟုတ် အမြဲလိုလို ပင်ပန်းနွမ်းနယ်နေခြင်း
Zuellig Pharma ရဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံဆိုင်ရာ Managing Director ဖြစ်သူ Frederik Meerhoff က “Zuellig Pharma အနေနဲ့ အမျိုးသမီးတွေအားလုံး ကိုယ့်ရဲ့ ကျန်းမာရေးကို တက်တက်ကြွကြွနဲ့ ဂရုတစိုက် စောင့်ရှောက်နိုင်စေဖို့အတွက် လိုအပ်တဲ့ ကျန်းမာရေးဗဟုသုတတွေကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးနေပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း လက်လှမ်းမီနိုင်စေဖို့ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါတယ်။ မကူးစက်နိုင်တဲ့ ရောဂါတွေ (NCDs) ကို ထိရောက်စွာ ကိုင်တွယ်နိုင်ဖို့အတွက်က ကျန်းမာရေးအသိပညာပေးတာ၊ ပုံမှန်ကျန်းမာရေးစစ်ဆေးတာနဲ့ စဉ်ဆက်မပြတ်တဲ့ ကျန်းမာရေးအကဲဖြတ်မှုတွေ နဲ့အတူ အမျိုးသမီးတွေရဲ့ အသက်အရွယ်အပိုင်းအခြားတိုင်းမှာ သင့်တော်တဲ့ ကြိုတင်ကာကွယ်မှုတွေကိုလည်း ဆောင်ရွက်သင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
“လျင်မြန်စွာပြောင်းလဲနေတဲ့ ဒီဘက်ခေတ်ရဲ့ လူနေမှုပုံစံတွေကြားမှာ အမျိုးသမီးတွေဟာ အလုပ်၊ မိသားစုနဲ့ နေ့စဉ်တာဝန်ဝတ္တရားတွေကို ဟန်ချက်ညီအောင်လုပ်ဆောင်နေရတဲ့အတွက် ရေရှည်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်တဲ့ ဟော်မုန်းနဲ့ဇီဝဖြစ်စဉ်ဆိုင်ရာ သတိပေးလက္ခဏာတွေကို သတိမထားမိဘဲ ကျော်သွားတတ် ကြပါတယ်။ ဒါကြောင့် ကျန်းမာရေးကို အမြဲတစေဂရုတစိုက်စောင့်ရှောက်တာဟာ ရေရှည်ကျန်းမာရေး ကောင်းမွန်မှုနဲ့ အရည်အသွေးမြင့်တဲ့လူနေမှုဘဝကို ရရှိစေနိုင်ဖို့အတွက် အရေးကြီးတဲ့ သော့ချက်တစ်ခုလည်း ဖြစ်ပါတယ်။” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကိုးကားချက်
Polyendocrine Metabolic Ovarian Syndrome: New name to improve diagnosis and care of condition affecting 170 million women worldwide. Endocrine Society. (12 May 2026). https://www.endocrine.org/news-and-advocacy/news-room/2026/pcos-name-change
Polycystic Ovary Syndrome (PCOS). “What are the health risks for women with PCOS”. The American College of Obstetrician & Gynecologists. https://www.acog.org/womens-health/faqs/polycystic-ovary-syndrome-pcos
Polycystic ovary syndrome. World Health Organization. (22 January 2026). https://www.who.int/news-room/fact-sheets/detail/polycystic-ovary-syndrome
Temporal Trends of Polycystic Ovary Syndrome Burden in the East and Southeast Asia from 1990 to 2021: An Analysis from the Global Burden of Disease Study 2021. National Library of Medicine. (15 July 2025). https://pmc.ncbi.nlm.nih.gov/articles/PMC12275927/
Polycystic Ovary Syndrome (PCOS). “What are common signs and symptoms of PCOS”. The American College of Obstetrician & Gynecologists. https://www.acog.org/womens-health/faqs/polycystic-ovary-syndrome-pcos
Recommendations from the 2023 International Evidence-based Guideline for the Assessment and Management of Polycystic Ovary Syndrome. Table 4. No. 1.9.8. American Society for Reproductive Medicine. https://www.asrm.org/practice-guidance/practice-committee-documents/recommendations-from-the-2023-international-evidence-based-guideline-for-the-assessment-and-management-of-polycystic-ovary-syndrome/
Polycystic Ovary Syndrome (PCOS). “What are common signs and symptoms of PCOS”. The American College of Obstetrician & Gynecologists. https://www.acog.org/womens-health/faqs/polycystic-ovary-syndrome-pcos
Recommendations from the 2023 International Evidence-based Guideline for the Assessment and Management of Polycystic Ovary Syndrome. Table 4. No. 1.10.2. American Society for Reproductive Medicine. https://www.asrm.org/practice-guidance/practice-committee-documents/recommendations-from-the-2023-international-evidence-based-guideline-for-the-assessment-and-management-of-polycystic-ovary-syndrome/
