မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် FIFA Football for School Program နှင့် Smart School အစီအစဉ်ကို ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုတွင် ရက်ပေါင်း (၁၀၀) အတွင်း Pilot Project အဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်အတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကိုရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ အားကစားကဏ္ဍမြင့်မားလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်အား အားကစားဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများတွင် ဦးစွာစတင်မည်ဖြစ်ကြောင်း ဆိုသည်။
အစည်းအဝေးပွဲအတွင်း အခြေခံပညာကျောင်းများတွင် နည်းပြမွမ်းမံသင်တန်းများဖွင့်လှစ်ရန်နှင့် ထူးချွန်သူများ ရွေးချယ်ရန်၊ PE (ကာယ) ဆရာ/ဆရာမများ ခန့်အပ်ပေးနိုင်ရေး၊ ဘောလုံးများ ဖြန့်ဝေပေးရန်နှင့် ပြိုင်ပွဲများအတွက် အားကစားကွင်း/အားကစားရုံများ သတ်မှတ်ရန်၊ ပြိုင်ပွဲများကျင်းပခြင်းနှင့် ဖွင့်ပွဲအခမ်းအနားများ ပြင်ဆင်ခြင်းတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။