မြန်မာအမျိုးသမီးလိဂ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီ (Ayeyawady FC) အသင်းသည် အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ၂၀၂၆/၂၇ ရာသီ AFC အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲတွင် အာရှဒေသတွင်းမှ အသင်းပေါင်း (၃၁) သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ဧရာဝတီအက်ဖ်စီအသင်းသည် ပဏာမအဆင့် (Preliminary Stage) မှ စတင်ကစားရမည် ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်၏ အဆင့်သတ် မှတ်ချက် (AFC Women’s Club Competitions Ranking) အရ ဧရာဝတီအက်ဖ်စီသည် အဆင့် (၁၅) နေရာတွင် ရှိနေသောကြောင့် မဲခွဲပွဲအတွက် (Pot 2) တွင် သတ်မှတ်ခြင်းခံထားရသည်။
ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းအနေဖြင့် အုပ်စုတွင်း တွေ့ဆုံရမည့် ပြိုင်ဘက်အသင်းများကို လာမည့် ဇူလိုင်လ (၂) ရက်တွင် ပြုလုပ်မည့် မဲခွဲပွဲအခမ်း အနားအပြီးတွင်မှ အတည်ပြု သိရှိရမည်ဖြစ်ကာ Pot 1, Pot 3 နှင့် Pot 4 တို့ရှိ အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်မည်ဖြစ်သည်ဟု သိရသည်။
ပြိုင်ပွဲ၌ ပဏာမအဆင့်တွင် အုပ်စု (၇) စု ခွဲခြားယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုပထမရရှိသည့် (၇) သင်းသာ နောက်တစ်ဆင့် (Group Stage) သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
အဆိုပါပွဲစဉ်များကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်မှ (၂၃) ရက်အထိ သတ်မှတ်ထားသည့် အိမ်ရှင်နိုင်ငံများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။