ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ထိုင်းဘုရင့်အမိန့်နဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားတဲ့အတွက် ကျန်ရှိနေတဲ့ ထောင်ဒဏ်ကာလတွေ ပျက်ပြယ် လွတ်မြောက်တော့မယ်လို့ ထိုင်းတရားရေးဝန်ကြီးက ဇွန်လ ၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သက်ဆင်ဟာ ထောင်ဒဏ် ၈ လ ကျခံပြီးနောက် ပြီးခဲ့တဲ့ မေလတုန်းကမှ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ သူ့ရဲ့ တစ်နှစ်ထောင်ဒဏ်က လာမယ့် စက်တင်ဘာလကျမှ ကုန်ဆုံးမှာဖြစ်လို့ အခုဆိုရင် ထောင်ဒဏ် ၃ လကျော်ပဲ ကျန်ပါတော့တယ်။
ဇွန်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ မိဖုရား သုသီတာရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘုရင် မဟာဝိဇီရာလောင်ကွန်းက ရွေးချယ်ထားတဲ့ အကျဉ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ ဇွန်လ ၂ ရက်နေ့ ညပိုင်းက ထုတ်ပြန်တဲ့ တရားဝင် တော်ဝင်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
လွတ်ငြိမ်းခွင့်ရတဲ့အထဲမှာ သက်ဆင် ပါဝင်သလားလို့ မေးမြန်းရာမှာတော့ တရားရေးဝန်ကြီး ရုတ္ထဖွန်း နဝရတ်က ပါဝင်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူ လုံးဝလွတ်မြောက်သွားဖို့နဲ့ ခြေထောက်မှာ တပ်ထားတဲ့ အီလက်ထရွန်နစ်ခြေကျင်း(EM bracelet) ကို ဖြုတ်ပစ်ဖို့အတွက် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တချို့တော့ လုပ်ဖို့ ကျန်သေးတယ်လို့ ဆိုပါတယ်။
သက်ဆင်ရဲ့ ရှေ့နေဖြစ်သူ ဝိညာတ် ချာမွန်ထရီကတော့ ဒီဆုံးဖြတ်ချက်ကို ချက်ချင်းကြီး အတည်မပြုနိုင်သေးပါဘူး။
ဒါပေမဲ့ “သူ့ရဲ့ အရည်အချင်း သတ်မှတ်ချက်တွေအရ ကြည့်မယ်ဆိုရင်တော့ ဘုရင့်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်ခွင့် ရဖို့ အခြေအနေ ကိုက်ညီမှုရှိပါတယ်” လို့ ရှေ့နေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ် ဘီလျံနာကြီး သက်ဆင်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်အတွင်း အာဏာအလွဲသုံးစားလုပ်မှု၊ အကျိုးစီးပွား ပဋိပက္ခဖြစ်မှုတွေကြောင့် ချမှတ်ခံထားရတဲ့ ထောင်ဒဏ် ၈ နှစ်ကို ကျခံဖို့အတွက် ၁၅ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်နေရာကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။