သဘင့်အမွေလက်ဆင့်ကမ်း ထိန်းသိမ်းကြမယ့် အနာဂတ်ရဲ့မျိုးဆက်သစ်များ

0
111

phoe-chit

မြန်မာ့ဇာတ်သဘင်ရဲ့ သက်တမ်းဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်းများစွာ တည်တံ့နိုင်စေအောင်လည်း ခေတ်အဆက်ဆက် သဘင်ပညာရှင်၊ အတတ်ပညာရှင်များ က လက်ဆင့်ကမ်းကြိုးစားထိန်းသိမ်းခဲ့ကြလို့လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနုပညာလောကမှာ ပခုံးပြောင်း တာဝန်ထမ်းဆောင်ဖို့ မျိုးဆက်သစ်များ လိုအပ်ပါတယ်။ မျိုးဆက်သစ်များကလည်း ကိုယ့်ရှေ့က စီနီယာကြီးတွေဆီကနေ လေ့လာသင့်တာတွေ၊ မှတ်သား သင့်တာတွေ၊ သင်ယူသင့်တာတွေကို ငယ်ရွယ်စဉ်အချိန်မှာ ကြိုးစားသင်ယူရမှာဖြစ်ပါတယ်။ ဒါမှသာ နောင်တစ်ချိန်မှာ အနုပညာဝမ်းစာ ပြည့်ဝတဲ့ အနု ပညာရှင်ကြီးတွေ ဖြစ်တည်လာ နိုင်မှာ ဖြစ်ပါတယ်။ မကြာခင်ကလည်း ဇာတ်သဘင်လောကရဲ့ အားတက်ဖွယ်ရာဖြစ် တဲ့ မျိုးဆက်သစ်သဘင်မင်းသားတွေရဲ့ နှစ်ပါးအခွေတွေ ဆက်တိုက်ထွက်ရှိလို့ လာခဲ့ပါတယ်။ ဒီမင်းသားတွေကတော့ ချစ်စွမ်းသာနဲ့ ပိုင်ပိုင်တို့ပဲ ဖြစ်ပါတယ်။ ချစ်စွမ်းသာဟာဆိုရင် သဘင်အနုပညာ သက်တမ်း ၁ဝ နှစ်ရှိခဲ့ပြီဖြစ်သလို သဘင်မင်းသားကြီး ဦးချမ်းသာရဲ့ သားတပည့်တစ်ဦးလည်းဖြစ်ကာ လက်ရှိမှာလည်း ရွှေမန်းဦးချမ်းသာရဲ့ရွှေမန်း ဇာတ်အဖွဲ့မှာ ကပြနေလျက်ရှိပါတယ်။ ဒီလိုပဲ နန်းတော်ရှေ့ဆရာတင်၊ သဘင်မင်းသားကြီးရွှေနန်းတင်၊ သဘင်မင်း သားကြီး ဦးနန်းဝင်းတို့ရဲ့မျိုးဆက်
သဘင်မင်းသမီးကြီး နန်းခင်မွှေးရဲ့သား ဖြစ်တဲ့ မင်းသားဘွန်းကလည်း အခုဆိုရင် တင်မောင်ဆန်းမင်းဝင်းရဲ့ ရွှေမန်း သဘင်ဇာတ်အဖွဲ့မှာ ကပြလျက်ရှိနေ ပါပြီ။ အဘေး၊ အဘိုး၊ ဦးလေး၊ မိခင်တို့ရဲ့ သဘင့်သွေး ပါသူတစ်ဦးဖြစ်တဲ့အပြင် မျိုးဆက်သစ် တစ်ဦးလည်းဖြစ်တဲ့ သူဟာသဘင်နဲ့ ပတ်သက်လို့ ငယ်စဉ်ကတည်းက ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။

” ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ရဲ့ သဘင်မျိုရိုးဂုဏ်ကိုထိန်းချင်တယ်။ ဘိုးဘိုးတို့၊ ဦးလေးတို့၊ မေမေတို့လို အောင်မြင်တဲ့၊ ပြည်သူကချစ်တဲ့ သဘင်မင်းသားတစ်ယောက် ဖြစ် အောင်ကြိုးစားမှာပါ။ ကျွန်တော်က ငယ်ငယ်လေးကတည်းကလည်း ကချင်တယ်။ အခုလည်းကချင်တယ်။ ကျွန်တော်က မင်းသားပဲကချင်နေ တာပါ။ ဒါကြောင့် ကျွန်တော်ကတော့သဘင်မင်းသားတစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားမယ်။ ကိုယ်ပိုင်ဇာတ် ထောင်နိုင်တဲ့အထိလည်း ကြိုးစားသွားမယ်” လို့ သူ့ရဲ့ အနာဂတ် သဘင့်ခရီး နဲ့ပတ်သက်ပြီး ဘွန်းက ပြောပါတယ်။ ဒါ့အပြင် စံပြသဘင်မှာလည်း ဟန်ဇာမိုး ဝင်း၊ တင်ဇာမိုးဝင်းတို့နဲ့အတူ အဂ္ဂါမိုးဝင်း ကလည်း ပရိသတ်ရဲ့ အားပေးမှုကိုရရှိ နေပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း အစ်ကိုနဲ့ အစ်မတို့ရဲ့ သင်ပြပေးမှုတွေနဲ့ အတူ သူဟာ သဘင်နဲ့ပတ်သက်လို့ ကြိုးစားလျက်ရှိပါတယ်။ ခေတ်လူငယ် တစ်ယောက်ဖြစ်တာနဲ့အညီသူဟာ အနုပညာနဲ့ပတ်သက်လို့ ဆန်းသစ်မှုတွေကိုလည်း စဉ်းစားကာ မျိုးရိုးအမွေကိုလည်း ဆက်လက်ထိန်းသိမ်းဖို့ရည်ရွယ်ရင်း သူ့ရဲ့ သဘင့်ရှေ့ခရီးကို တီထွင်ကြံဆမှုတွေနဲ့ သွားဖို့ ပြင်လို့နေပါတယ်။

အခုနှစ် ဇာတ်သဘင်ရာသီမှာ ဇာတ်အဖွဲ့ အသစ်တစ်ဖွဲ့ထွက်ပေါ်လို့လာပါတယ်။ဒီဇာတ်အဖွဲ့ကတော မင်းသားပိုင်ပိုင်၊ ဖြိုးဖြိုးတို့ညီအစ်ကို နှစ်ဦးရဲ့ ရတနာပုံမြန်မာမှု ခေတ်မီ ဇာတ် သဘင်ပဲဖြစ်ပါတယ်။ သူတို့ ညီအစ်ကို နှစ် ဦးကတော့ မိခင်ဖြစ်သူ ရွှေတံဆိပ် ဆုရှင် ဒေါ်တင်မျိုးရည်ရဲ့ ပံ့ပိုးမှုတွေနဲ့ အတူ အခုနှစ် ဇာတ်သဘင်ရာသီမှာ စတင်ပွဲထွက်လာပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သဘင်မျိုးရိုးမရှိပေမယ် မြန်မာ့ ဇာတ်သဘင်ကို ချစ်မြတ်နိုးလို့ ဇာတ် သဘင်လောကထဲ ဝင်ရောက်လာကြတဲ့ မျိုးဆက်သစ်လူငယ်တွေလည်း များစွာရှိ ပါတယ်။ သူတို့တွေအနေနဲ့လည်း အောင်မြင်ကျော်ကြားနေတဲ့မင်းသား တွေရဲ့ နှစ်ပါးအခွေတွေကို ကြည့်ရှုလေ့လာရင်း ဇာတ်အဖွဲ့တွေမှာ လက်ထောက်မင်းသားနေရာကနေ ဝင်ရောက်ကပြကာ ခေါင်းဆောင်မင်းသားဆီကနေ သင်ယူ လေ့လာရင်း ကိုယ်ပိုင်ဇာတ် ထောင်နိုင်တဲ့အထိလည်း ကြိုးစားသွားဖို့ သန္နိဋ္ဌာန်ချ ထားကြတဲ့သူတွေချည်းပါပဲ။ ဒီလိုမျိုး ဆက်သစ်တွေရဲ့ အားထုတ်ကြိုးပမ်းမှု တွေနဲ့အတူပဲ ဇာတ်သဘင်လောကမှာ အောင်မြင်ကျော်ကြားလျက်ရှိတဲ့ မင်းသားတွေကလည်း မျိုးဆက်သစ်မင်းသားငယ်တွေကို လက်တွဲခေါ်ယူကာ သင်ကြားပြသပေးနေလျက်ရှိပါတယ်။

” မျိုးဆက်သစ်များရဲ့ ပညာအခြေခံ အခိုင်အမာကောင်းကောင်းလေးတွေနဲ့ ဇာတ်သဘင်ဆိုတာ ကြည့်လိုက်တာနဲ့ကို အထင်ကြီးသွားစေတဲ့ ဝတ်စားဆင်ယင်မှု တွေ၊ အထင်ကြီးသွားစေတဲ့ အဆို၊ အက၊ ပြီးတော့ ရုပ်ကလေးတွေချောသလိုပဲ ပညာလေးတွေလည်းချောပြီး ကြည့်ရတဲ့ သူတွေက သဘင်ဆိုရင် အထင်ကို ကြီး သွားစေမယ့် ပုံစံမျိုး လေးတွေနဲ့ အားပါးတရကြီး ရောက်လာစေချင်ပါတယ်။ ပြည်သူရဲ့ အလယ်ကို သာမန်လောက်ပဲ မဟုတ်ဘဲနဲ့ မြန်မာ့ဆိုင်းဝိုင်းကြီးရဲ့ အရသာတွေနဲ့ ပေးဆပ်ပြီးကရဲတဲ့ သဘင်အနုပညာရှင်မင်းသား၊ မင်းသမီးလေးတွေ ပေါ်ထွန်းစေချင်ပါတယ်။ နိုင်ငံခြား တီးလုံးနဲ့တွဲကတဲ့ ခေတ်ကို ကျွန်တော် လုံးဝ Cancel  မလုပ်ပါဘူး။ ဘာကြောင့် လဲဆိုတော့ မော်ဒီဖိုင်းဆိုတာ ဖြစ်လာပါတယ်။ တခြားနိုင်ငံတွေလည်း သူတို့နိုင်ငံ နဲ့ သူတို့ မော်ဒီဖိုင်းလုပ်ကြတာပါပဲ။ ကျွန်တော်တို့လည်း လုပ်ပိုင်ခွင့်ရှိ တာပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ ရိုးရာအနုပညာ အနှစ်သာရတွေနဲ့လည်း အဲဒီ မော်ဒီဖိုင်းကြားထဲမှာ ပြစေချင်ပါတယ်။ အဲဒီအတွက် အရည်အသွေးကောင်းတဲ့ ကလေးတွေ ပေါ်ထွန်းလာပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်” လို့ ရွှေမန်းချမ်းသာက မျိုးဆက်သစ်တွေအတွက် ကြိုဆိုလက် ကမ်းရင်း အကြံပြုစကားလည်းဆိုပါတယ်။

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ရဲ့ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်၊ အောင်မြင်ကျော်ကြားတဲ့ သဘင်မင်းသားတစ်ဦးလည်းဖြစ်တဲ့ မြို့ ရွှေမန်းသား ဖိုးချစ်ကလည်း အနာဂတ် အတွက် အရေးကြီးတဲ့ မျိုးဆက်သစ်တွေ နဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကိုအခုလို ပြောပြတာက..

” ဗိုလ်ချုပ်စကားနဲ့ပြောရရင်တော့ လူငယ်တွေကို ပြုစုပျိုးထောင် ပေးတာက တိုင်းပြည်ရဲ့အနာဂတ်ကို တည်ဆောက်နေတာပဲတဲ့။ ကဏ္ဍအလိုက်၊ လောက အလိုက်မှာတော့ လူငယ်တွေကို ပြုစုပျိုး ထောင်ကြရမှာပဲ။ အဲဒီလို ပြုစုပျိုး ထောင်ရင်းကနေမှ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်ကို တည်ဆောက်နေတာ။ မျိုးဆက်တွေမှာ အရေးကြီးတယ်။ ကျွန်တော်တို့မျိုးဆက်မှာ ငါတို့က ဒီလို ပဲနေခဲ့တာ။ ဒါကြောင့် ဒီအတိုင်းပဲနေ၊ ဒီလိုလည်း မဖြစ်သေးဘူး။ ကြိုတင်မှန်း ဆပြီးတော့ သူတို့ခေတ်မှာ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာမျိုးတွေကအစ တွေး ပြီးတော့စဉ်းစားရမယ်” လို့ ပြောပြပါတယ်။ ဒါကြောင့်လည်း နယ်ပယ် အသီး သီးမှာ အရေးကြီးတဲ့ကဏ္ဍနေရာကနေ တည်ရှိနေတဲ့ မျိုးဆက်သစ်တွေအနေနဲ့ နောင်တစ်ချိန် သဘင်လောကမှာ အောင်မြင်ကျော်ကြားတဲ့ သဘင် မင်းသားကြီးတွေ ဖြစ်လာကြစေဖို့ ရည် မှန်းမျှော်တွေးလို့ ရေးသားလိုက်ရပါ တော့တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here