၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို မေ ၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူရည်ချွန်စခန်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ထို့နောက် ၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ HUPIN ဟိုတယ်ခန်းမ၌ ကျင်းပသည့် ဒုတိယပိုင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့်လည်း နိုင်ငံတော်၏ ပံ့ပိုးမှုများနှင့်အတူ ထူးချွန်သော ကျွမ်းကျင်ပညာရှင်များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ကြီးကြပ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအား ရင်ထိုးတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တောင်ကြီးဒေသရှိ ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများက လူရည်ချွန်မောင်မယ် ၁၃၂ ဦးအတွက် တစ်ဦးလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၂၆၄ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
