အထူးစီးပွားရေးဇုန်များအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ကပြောသည်။
ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ ပထအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်များသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်းလည်း ဒေါက်တာကံဇော်က ပြောသည်။
ပြည်သူများ အလုပ်အကိုင်ရရှိစေရန်၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားပြီး ပြည်ပပို့ကုန်တိုးတက်စေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးများလာစေရန်နှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေရန်တို့အတွက် အထူးစီးပွားရေးဇုန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အဓိကအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန် (Special Economic Zone – SEZ) ၃ ခု ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်(ရန်ကုန်တိုင်း) သည် လည်ပတ်နေပြီးဖြစ်ပြီး ရခိုင်ပြည်နယ် က ကျောက်ဖြူအထူးစီးပွားရေးဇုန် နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အထူးစီးပွားရေးဇုန် တို့သည် အကောင်ထည်ဖော်ဆောင်ရွက် နေကြောင်း သိရသည်။
