လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီးရဲ့ အကယ်ဒမီ ရင်ဖွင့်ချက်

0
134

Zaw Gyi (1)

မတ်လ ၁၈ ရက်နေ့မှာတော့ (၆၄) ကြိမ်မြောက်မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကို ပြည်သူ့ရင်ပြင်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။အကယ် ဒမီထူးချွန်ဆု ဆိုတာ အနုပညာရှင် တိုင်းအတွက် အမျှော်လင့်ရဆုံးနဲ့ တန်ဖိုးအထား ရဆုံး ဆုတစ်ဆုပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အကယ်ဒမီပေးပွဲ ကြီးနီးလာတာနဲ့အမျှ အခုနှစ် အကယ်ဒမီ ဆန်ကာတင် စာရင်း ထဲမှာ ပါဝင်နေတဲ့အနုပညာ ရှင်တွေက အကယ်ဒမီဆုအတွက် ရင်ခုန် နေကြပြီလည်း ဖြစ်ပါတယ်။ ဒီလို အချိန်ကာလမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နေကြတဲ့ လူကြမ်းသရုပ်ဆောင်တွေကလည်း အကယ်ဒမီအတွက် ရင်ခုန်ချင် ကြပါတယ်။ မြန်မာ့ရုပ်ရှင် အကယ် ဒမီသမိုင်းမှာတော့ ၂ဝဝဝ ခုနှစ်မှာ “ငရဲသား” ရုပ်ရှင်ဇာတ်ကားနဲ့ သရုပ်ဆောင် ဦးအောင်ခိုင်က အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူကြမ်း သရုပ်ဆောင်တွေ အကယ်ဒမီရရှိခဲ့ ခြင်းမရှိတော့ပါဘူး။ ဒါကြောင့်လည်း လူကြမ်းသရုပ်ဆောင်တွေရဲ့ အကယ် ဒမီနဲ့ပတ်သက်လို့ရင်ခုန်မှုကို လူကြမ်းသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဦးဇော်ကြီးကို မေးတော့ …

” မြန်မာ့ရုပ်ရှင်ရဲ့ သမိုင်းကြောင်းကိုကြည့်လိုက်ရင် လူကြမ်းသရုပ်ဆောင်တွေ အကယ်ဒမီရတယ်ဆိုတာ တော်တော်ရှားပါတယ်။ မျက်ရည်ကျရင် အကယ်ဒမီ ရတယ်။ ကြမ်းကြမ်းတမ်းတမ်းနဲ့ သရုပ်ဆောင်ရင် အဲဒီသရုပ်ဆောင် တစ်ယောက် အကယ်ဒမီမရဘူး။ ငိုတယ် ၊အိုက်တင်လုပ်တယ်။ သူ လည်းသရုပ်ဆောင်တာပဲ။ကြမ်း ကြမ်းရမ်းရမ်းလည်း ပီပီပြင်ပြင်သရုပ်ဆောင်သွားတာပဲလေ။ ပီပီပြင်ပြင်နဲ့ ကြမ်းကြမ်းရမ်းရမ်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို Message တစ်ခုရောက်သွားအောင် ရိုက်ပြတဲ့ သရုပ်ဆောင်ပြတဲ့ Actor မျိုးကျတော့ အကယ်ဒမီပေးဖို့ မေ့နေတယ်ထင်တယ်။ ကျွန်တော့်အနေနဲ့ အကယ်ဒမီ ကိုရင်ခုန်တယ်ဆိုတာက ငါတို့ လူကြမ်းသရုပ်ဆောင်တွေ ဘယ်တော့များမှ အကယ်ဒမီပေးပါ့ မလဲ။ တစ်ခန်းလေးမှာပဲဖြစ်ဖြစ်၊ တစ်ကဒ်လေးမှာပဲဖြစ်ဖြစ် ပါဝင်သရုပ်ဆောင်ကြတဲ့ လူကြမ်းသရုပ် ဆောင်တွေကို အကယ်ဒမီအကဲဖြတ် တဲ့သူတွေအနေနဲ့ နည်းနည်း စဉ်းစားပေးပါလို့ ကျွန်တော် ပြောချင်ပါတယ်” လို့ သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

ဦးဇော်ကြီးအနေနဲ့ အနုပညာသက်တမ်းနှစ် ၃ဝ ကျော်လာပြီဖြစ်ပြီး ရုပ်ရှင်လောကမှာ လူကြမ်းသရုပ် ဆောင်အနေနဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်း ၁ဝဝဝ နီးပါးခန့် ရိုက်ကူးခဲ့ပြီးပြီဖြစ်ပါတယ်။ အဲဒီ အတွက်လည်း သူ့အနေနဲ့အကယ် ဒမီထူးချွန်ဆုနဲ့ ပတ်သက်လို့ ခံစားမှု ရှိနေခဲ့တာပဲဖြစ်ပါတယ်။

” ရုပ်ရှင်လောကမှာ ရိုက်ကူးနေကြတဲ့ သရုပ်ဆောင်တွေ အားလုံးက အကယ်ဒမီဆိုတဲ့အရာကို လိုချင်ကြတယ်။ ရူးသွပ်ကြတယ်။ ရချင်ကြတယ်ပေါ့။ ကျွန်တော်လည်းအကယ်ဒမီရချင်တဲ့အထဲမှာ ပါတာ ပေါ့။ အဲဒီလိုရချင်လို့လည်း ကျွန်တော် သရုပ်ဆောင် ခဲ့တာတွေ လည်းရှိပါတယ်။ ဒါပေမဲ့လည်း ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင် ပြခဲ့တော့ ခေတ်အဆက်ဆက်က လည်း ပြည်သူတွေအထင်မှားမှာစိုးလို့ဆိုပြီး ကျွန်တော်တို့ ဘယ်တော့ မှလည်း အကယ်ဒမီမရခဲ့ဘူး။ နောက်တစ်ခါ ကိုယ်ပါတဲ့အခန်းကို ပီပီပြင်ပြင် သရုပ်ဆောင်ပြတော့ အဲဒါကိုလည်း လူကြီးတွေက အကယ် ဒမီပေးရကောင်းမှန်း မသိ တော့ အကယ်ဒမီဆုကို ကျွန်တော့် အနေနဲ့ ရင်မခုန်တော့ပါဘူး။ မရူးသွပ်တော့ပါဘူး။ ကျွန်တော့်အနေနဲ့ ရုပ်ရှင်အစည်းအရုံးကပေးတဲ့ အကယ် ဒမီမရခင်ကတည်းက ကျွန်တော်က အကယ်ဒမီရပြီးပါပြီ။ အဲဒီ အကယ်ဒမီက ဘာလဲဆိုတော့ ပြည်သကနေပြီးတော့ ပေးခဲ့တဲ့ ဇော်ကြီးဆိုတဲ့နာမည်တစ်လုံးပါပဲ။ အဲဒီဇော်ကြီးဆိုတဲ့ နာမည်တစ်လုံးနဲ့ ကျွန်တော်ထမင်း စားနေတာပါ။ ပရိသတ်တွေက ကျွန်တော့်ရဲ့ ကျေးဇူးရှင်တွေပါ” လို့ လူကြမ်း သရုပ်ဆောင် ဦးဇော်ကြီး ကပြောပြပါတယ်။ ဦးဇော်ကြီးအနေနဲ့ ဒါရိုက်တာ ကြီးဇော်နာမည်နဲ့လည်း ဗီဒီယို ဇာတ် ကားပေါင်း ၆ဝကျော်လောက် ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here