ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR(မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုကော်မတီ) ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ ထွက်ခွာမည့်လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် မျိုးညီညီဟိန်း နှင့် မနှင်းသဇင်ဦး တို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၂၆ ဒသမ ၆ ကီလိုအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနောက် အလားတူ လေယာဉ်ဖြင့်လိုက်ပါမည့် ခရီးသည် တင်အောင်သန်း၊ မခင်သန္တာဝင်း၊ ခင်မောင်သန်း နှင့် ချမ်းမြေ့ပိုင် တို့ ၄ ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆ ဒသမ ၀၅ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
ဆက်စပ်ဖော်ထုတ်ချက်များအရ အိုက်စ်(မက်သ်အဖက်တမင်း)များအား လက်ခံ၍ ပို့ဆောင်ပေးသည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ကုမ္ပဏီရုံးခန်းအား ဝင်ရောက်ရှာဖွေရာ မထက်ဧကရီ နှင့် မကြယ်စင်လင်းလဲ့ တို့ ၂ ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၉ ဒသမ ၅ ကီလိုအား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီရမိသူများ၏ ဖော်ထုတ်ချက်အရ အိုက်စ်(မက်သ်အဖက်တမင်း)များအား မလေးရှားသို့ ပို့ဆောင်ပေးရန်အပ်နှံသူ အောင်ကျော်ဝင်း(ခ)အောင်အောင် နှင့် ၎င်း၏ဇနီး မသန္တာလွင် တို့အား လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိဟိုတယ်တွင် အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁၆၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ဒသမ ၁၅ ကီလိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်စေခိုင်းသူမှာ သီပေါမြို့နယ်၊ လင်တိကျေးရွာနေ လောက်ချီ(ဖမ်းဆီးရန်ကျန်) ကို ဖမ်းဆီးရန် ကျန်ရှိနေပြီး ဆက်လက်စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း
CCDAC MYANMAR က အသိပေးထားသည်။
