ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ကြွေပန်းကန်ချောင်းကျေးရွာအနီးရှိ အဖျောက်ကမ်းရင်းတာ၏ မိုင်တိုင် ၄၄/၂ တွင် ယခင်ပဲ့ကျခဲ့သည့်နေရာမှ ထပ်မံပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခင်ကပဲ့ကျခဲ့သည့် ကမ်းရင်းတာနေရာအနောက်တွင် သဲအိတ်များစီ၍ပိတ်ထားခဲ့သည့်နေရာတွင် သဲအိတ်နှင့် ကမ်းရင်းတာထောင့်မှထပ်မံပဲ့ကျခဲ့ခြင်းဖြစ်ရာ ကမ်းရင်းတာနှင့် ပန်းတာကြားသို့ ဧရာဝတီမြစ်ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြစ်ပေါ်လျက်ရှိ၍ မြစ်ရေဝင်ရောက်မှုကြောင့် အန္တရာယ်ရှိနိုင်သည့်နေရာများတွင် ရေကင်းစခန်းများ ထပ်မံချထားကာ မြစ်ရေဝင်ရောက်မှုကြောင့် ပန်းတာထိခိုက်မှုမရှိကြောင်း သိရသည်။
