တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် GACC မှတ်ပုံတင်ခြင်းနှင့် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးမြို့တွင် စက်တင်ဘာ ၁၇ ရက်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့်အညီ GACC မှတ်ပုံတင်ခြင်း သို့မဟုတ် သက်ဆိုင်ရာခွင့်ပြုချက်များ ရယူရန်လိုအပ်ပြီး တရားဝင်ဈေးကွက်ဝင်ရောက်ခွင့် (Market Access) ရရှိရေးအတွက်လည်း သတ်မှတ်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်သည်။
ယင်းအချက်များကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက ရှင်းလင်းပြောကြားခဲ့ပြီး ဒေသတွင်း ကုန်ထုတ်လုပ်ငန်းရှင်များနှင့် ကုန်သည်များ လိုက်နာရမည့်အချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တရုတ်ဈေးကွက်သို့ တင်ပို့မည့် ကုန်ပစ္စည်းများအတွက် စားသုံးသူဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးထိန်းချုပ်မှု၊ အပင်နှင့် တိရစ္ဆာန် ပိုးမွှားရောဂါကင်းစင်ရေးအပြင် ကုန်ပစ္စည်း၏ မူရင်းဇာစ်မြစ်ကို ပြန်လည်ခြေရာခံစစ်ဆေးနိုင်ရေး (Traceability) ဆိုင်ရာ သတ်မှတ်ချက်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါရှင်းလင်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖန်ခါးမြေကုန်သွယ်မှုမြှင့်တင်ရေးဗဟိုဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း ၃၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
GACC မှတ်ပုံတင်ခြင်းသည် တရုတ်နိုင်ငံသို့ ကုန်စည်များ တရားဝင်တင်ပို့နိုင်ရေးသာမက မူရင်းဇာစ်မြစ်စစ်ဆေးနိုင်ရေးနှင့် တရုတ်ဈေးကွက်သို့ တင်ပို့မှုတိုးမြှင့်နိုင်ရေးအတွက်ပါ အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
