နေပြည်တော်၊ ဩဂုတ် ၁
မုတ္တမကမ်းလွန်လုပ်ကွက် M3 (အောင်သိင်္ခလုပ်ကွက်) မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို အသုံးပြု၍ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့သို့ လျှပ်စစ်ဓာတ်အား အဓိကဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ လုပ်ကွက်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း၌ အသုံးပြုနိုင်ရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီတို့အကြား သဘောတူစာချုပ်ကို ယမန်နေ့က ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။
“ရန်ကုန်နဲ့ ဧရာဝတီတိုင်းကို လျှပ်စစ်မီးပေးမယ်၊ လေလွင့်မှုအနည်းဆုံးနဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဖို့ လုပ်မှာဖြစ်ပြီး ဓာတ်မြေဩဇာစက်ရုံတွေက လိုအပ်တဲ့ သဘာဝဓာတ်ငွေ့ကိုလည်း တစ်ဖက်တစ်လမ်းက ထောက်ပံ့နိုင်မှာဖြစ်ပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့သည်။
အဆိုပါ အောင်သိင်္ခစီမံကိန်း (M3) မှ သဘာဝဓာတ်ငွေ့များကို ၂၀၂၈ ခုနှစ်တွင် စတင်ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားသည်။ PTTEP သည် လုပ်ကွက်အမှတ် M3 တွင် အကဲဖြတ် ရှာဖွေ၊ တူးဖော်ရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရတနာနှင့် ရဲတံခွန် လုပ်ကွက်များ၌ မြေအောက်ခိုအောင်း ဓာတ်ငွေ့ပမာဏ ကုန်ခမ်းလုနီးပါး ဖြစ်လာသောကြောင့် အဆိုပါ လုပ်ကွက်သစ်များကို တိုးမြှင့်ရှာဖွေ တူးဖော်လာခြင်းဖြစ်ကြောင်း သိရသည်။
