မွန်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအနေဖြင့် လမ်းမှားရောက်နေသူများ အလင်းဝင်နိုင်ရေးအတွက် အလေးထားဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။
ယနေ့ (ဇူလိုင် ၂ ရက်) က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်မှာကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လုပ်ငန်းအတွေ့အကြုံရှိပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်များကို ကော်မတီဝင်များအဖြစ် ထပ်မံဖြည့်စွက်ဖွဲ့စည်းကာ အကြောင်းအမျိုးမျိုးကြောင့် စည်းရုံးခံရ၍ မိဘများနှင့် ကင်းကွာနေသည့် လမ်းမှားရောက်နေသူများ မိဘများထံ ပြန်လည်ရောက်ရှိလိုပါက အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး အလင်းဝင်နိုင်ရေးအတွက် ကော်မတီအနေဖြင့် အလေးထားဖိတ်ခေါ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့အပြင် ကော်မတီအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ရေးအပြင် ကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်သည့် ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ဆွေးနွေးခြင်း၊ တွေ့ဆုံညှိနှိုင်းခြင်းနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လည်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
