မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိပြီး ထူးခြားလှပကာ အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အ လေးချိန် ၁၄၃၀၀ ဂရမ်(၇၁,၅၀၀ ကရက်)နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ်(၁၇၇၃ ဒသမ ၈၅ ကရက်)တို့အား နိုင်ငံတော်ထံသို့လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၁၄ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်၌ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒု-ဝန်ကြီးတို့က နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့၏ အချက်အလက်များကို နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
၂၀၀၉ ခုနှစ်ကလည်း အလေးချိန် ၁၁,၈၇၇ ဂရမ် (၅၉,၃၈၅ ကရက်)ရှိ နီလာအရိုင်းတုံးကိုရှာဖွေတွေ့ရှိခဲ့ပြီး ယခု နီလာအရိုင်းတုံးကြီးသည် အလေးချိန် ၁၄၃၀၀ ဂရမ်(၇၁,၅၀၀ ကရက်)ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန်ခက်ခဲပြီးရှားပါးကာ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်းမှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိနေသည့် နီလာအရိုင်းတုံးကြီးဖြစ်ကြောင်း သိရသည်။
