ထိုင်ဝမ် သမ္မတသစ် ကျမ်းကျိန်ပွဲ မတိုင်မီ ကန်စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဝင်ရောက်ခဲ့သလို တရုတ် စစ်လေယာဉ်များနဲ့ သင်္ဘောများ ကျွန်းအနီး လှုပ်ရှား

0
102

အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားအတွင်း အမေရိကန်စစ်သင်္ဘောတစ်စင်း ခုတ်မောင်းဝင်ရောက်ခဲ့အပြီး နောက်တစ်နေ့မှာပဲ ကျွန်းဒေသတစ်ဝိုက်မှာ တရုတ်စစ်လေယာဉ် ၂၃ စင်းနဲ့ ရေတပ်သင်္ဘော ငါးစင်းကို ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ တိုင်ပေရဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ကြာသပတေးနေ့(မေ ၉) မှာ ပြောဆိုပါတယ်။

ပေကျင်းက အန္တရာယ်ရှိသော ခွဲထွက်ရေးသမားအဖြစ် မှတ်ယူသော သမ္မတသစ် လိုင်ချင်းတေ ကျမ်းကျိန်ဆိုပွဲ မတိုင်မီ သီတင်းနှစ်ပတ်လောက်အလို ထိုင်ဝမ်ဝန်းကျင်မှာ အခုလို စစ်ရေးလှုပ်ရှားမှုတွေဖြစ်လာတာပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက် အစိတ်အပိုင်းဖြစ်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်ဟာ ကျွန်းဒေသတစ်ဝိုက်ကို စစ်လေယာဉ်တွေ၊ ရေတပ်သင်္ဘောတွေ မကြာခဏဆိုသလို စေလွှတ်ခုတ်မောင်းခဲ့ပါတယ်။ ကီလိုမီတာ ၁၈၀(မိုင် ၁၁၀) ရှည်လျားတဲ့ ထိုင်ဝမ်ရေလက်ကြားဟာ ထိုင်ဝမ်ကို တရုတ်နဲ့ ပိုင်းခြားထားပြီး ကုန်တင်သင်္ဘောတွေအတွက် အရေးပါတဲ့ ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

ဒေသစံတော်ချိန် မနက် ၆ နာရီအထိ ၂၄ နာရီတာကာလအတွင်း တရုတ်စစ်လေယာဉ် ၂၃ စင်းနဲ့ ရေတပ်သင်္ဘော ငါးစင်းကို ုထိုင်ဝမ်တစ်ဝိုက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တိုင်ပေရဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

ယင်းမှာ လေယာဉ် ၈ စင်းဟာ အလယ်မျဉ်းကို ဖြတ်ကျော်ပျံသန်းခဲ့တယ်လို့ ဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။အဆိုပါမျဥ်းဟာ ပေကျင်းက အသိအမှတ်ပြုခြင်းမရှိသော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ဆွဲထားတဲ့ မျဉ်းကြောင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။

ဗုဒ္ဒဟူးနေ့က အမေရိကန် စစ်သင်္ဘော USS Halsey ဟာ ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းအတွင်း ဝင်ရောက်ခုတ်မောင်းခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုထွက်ပေါ်လာတာဖြစ်ပါတယ်။

ဖျက်သင်္ဘော Halsay ဟာ ထိုင်ဝမ်ရေလက်ကြားအတွင်း ပုံမှန်ဖြတ်သန်းသွားလာခွင့်နဲ့ ပင်လယ်ပြင်မှာ လွတ်လပ်စွာ ခုတ်မောင်းခွင့်၊ ပျံသန်းခွင့်ဆိုင်ရာ နိုင်ငံတကာ ဥပဒေနဲ့အညီ မေ ၈ ရက်မှာ ခုတ်မောင်းခဲ့တယ်လို့ အမေရိကန်ရဲ့ အမှတ် ၇ ရေတပ်မက ဗုဒ္ဒဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

Ref: Barrons


LEAVE A REPLY

Please enter your comment!
Please enter your name here