မန္တလေးသား မြန်မာ့လက်ဝှေ့ ဖိုက်တာ ကျော်စွာဝင်း ONE Championship တွင် ထိုးမည်

0
70

ရှုံးပွဲမရှိ စံချိန်ယူထားသည့် မြန်မာပြည်၏ ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းသည် လာမည့်လပိုင်းအတွင်း ONE Championship မှ စီစဉ်သည့် ပွဲများတွင်း ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် (၇၅) ကီလိုတန်းမှ (၇၀) ကီလိုတန်းသို့ ရောက်အောင် ဝိတ်ချနေပြီး လာမည့် ဇူလိုင်လတွင် ONE ၏ ပွဲစဉ်၌ သွားရောက်ယှဉ်ပြိုင်ထိုးသ-တ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ONE မှာတော့ ကျွန်တော့် ဝိတ်က (၇၄)/(၇၅) ကီလိုတန်းဆိုရင် သိပ်အဆင်မပြေဘူး။ (၇၀) ကီလို တန်းလောက်အထိ ဝိတ်ချဖို့ လိုနေတာကြောင့် အချိန်ယူနေတာပါ။ ပွဲစီစဉ်သူဘက်ကတော့ (၆)လပိုင်း (၇)လပိုင်းလောက်မှာ (၇၀)ကီလိုချပေးဖို့ အချိန်ပေးပြီး စောင့်နေပါတယ်။ ပွဲလည်း အသင့်စီစဉ်ထားပြီးပါပြီ။ ဒါကြောင့် (၇)လာပိုင်းကျရင်တော့ ONE စင်မြင့်ထက်မှာ တွေ့ရတော့မှာပါ” ဟု ကျော်စွာဝင်းကဆိုသည်။

ကျော်စွာဝင်းသည် လက်ရှိအချိန်အထိ ရိုးရာလက်ဝှေ့ ပွဲပေါင်း (၉၄)ပွဲယှဉ် ပြိုင်ထိုးသ-တ်ထားပြီး ရှုံးပွဲမရှိသူတစ်ဦးအဖြစ် မှတ်တမ်းတင်ခြင်း ခံထားရသူဖြစ်ကာ မြန်မာပြည်ချန်ပီယံဆုကိုလည်းမျှော်မှန်းထားသူ တစ်ဦီးဖြစ်သည်။

“ညီလေးအနေနဲ့ကတော့ လောဘကြီးတယ် ပြောပြောပေါ့။ သုဝဏ္ဏသာမ ဇာတ်တော်ထဲကလို သားရွှေအိုး ထမ်းလာတာမျိုးလေးဘဲ ဖြစ်ချင်တယ်။ ရှုံးပွဲမရှိ စံချိန်ကိုလည်း ဆက်လက် ထိန်းထားပြီး ချန်ပီယံလည်း ဖြစ်ချင်တာပါ။ နှစ်ခုထဲက တစ်ခုကိုပဲ ရွေးမယ်ဆိုရင်တော့ အတော်လေး ခက်ခဲပြီး နှစ်ခုလုံးကို ဖြစ်ချင်တာပါ”ဟု ၎င်းဆိုသည်။

လက်ရှိတွင် ကျော်စွာဝင်းအနေဖြင့် ဖခင်ဖြစ်သူ ထိပ်တန်း ရိုးရာလက်ဝှေ့ကျော် ဉီးမိုးလေးနှင့် M2K ကလပ်တွင် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ၎င်းသည် မြန်မာနိုင်ငံ၏ ပထမတန်း လက်ဝှေ့ကျော်များအနက် အငယ်ဆုံးနှင့် သက်လုံအကောင်းဆုံး ကစားသမားတစ်ဦးလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here