မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှုနှင့် စားနပ်ရိက္ခာအခက်အခဲများ တိုးမြင့်လာနေမှုကို တုံ့ပြန်နိုင်ရန် ဥရောပသမဂ္ဂ(EU)က ယူရို ၈ သန်း ထောက်ပံ့ပေးလိုက်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က မေ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းများ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲများ ပိုမိုဆိုးရွားလာနေပြီး အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေသဖြင့် ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
EU နှင့် WFP တို့သည် မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်သင့်ဒေသများနှင့် အရေးပေါ်လိုအပ်နေသည့် ပြည်သူများထံ စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် ရည်ရွယ်ထားကြောင်း WFP က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာနေပြီး မိသားစုများစွာမှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသလို လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း ပိုမိုများပြားလာနေကြောင်း သိရသည်။
WFP ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၂.၄ သန်းခန့်သည် ဆာလောင်မွတ်သိပ်မှုဒ-ဏ်ကို ရင်ဆိုင်နေရပြီး လူဦးရေ ၃.၇ သန်းမှာလည်း ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။
ထို့ပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး မကွေးတိုင်းဒေသကြီးတွင် ၃၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၃၂ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၃၁ ရာခိုင်နှုန်းအထိ အသီးသီး မြင့်တက်နေကြောင်း သိရသည်။
EU ၏ ထောက်ပံ့ငွေဖြင့် WFP က ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှုနှင့် စီးပွားရေးအခက်အခဲများကြောင့် ထိခိုက်ခံစားနေရသည့် မိသားစုများကို အရေးပေါ်စားနပ်ရိက္ခာအကူအညီများ ပေးအပ်သွားမည်ဖြစ်သည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အထူးအာဟာရအထောက်အပံ့များ ပေးအပ်သွားမည့်အပြင် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း WFP က ထုတ်ပြန်ထားသည်။
