နွားနို့ထဲ ကြက်ငှက်တုပ်ကွေးပိုးတွေ့၍ အမဲသားများကိုစစ်ဆေး

0
156

ချီကာဂို၊ဧပြီ ၃၀

အမေရိက၌ နို့စားနွားများမှရရှိသည့့် နို့ထွက်ပစ္စည်းများတွင် ကြက်ငှက်တုပ်ကွေးပိုးကို စစ်ဆေးတွေ့ရှိရသဖြင့် အမဲသားများတွင်ပါ ရောဂါပိုးပါနေခြင်းရှိမရှိ စစ်ဆေးရန် အမဲသားနမူနာများကို ရယူစစ်ဆေးမည်ဟုသိရသည်။

ပြီးခဲ့သည့်မတ်လနှောင်းပိုင်းကတည်းက တက္ကဆပ်စ်ပြည်နယ်ရှိ လူတစ်ဦးနှင့် ကျန်ပြည်နယ်ကိုးခုမှ နွား ၃၄ ကောင်၌ ကြက်ငှက်တုပ်ကွေး ရောဂါပိုးကိုစစ်ဆေးတွေ့ရှိပြီးနောက် ယခုကဲ့သို့ နို့ထွက်ပစ္စည်းနှင့်အမဲသားများ ဘေးကင်းရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တာဝန်ရှိသူများ၏ယူဆချက်အရ နို့ထွက်ကုန်ပစ္စည်းများ၌ ကြက်ငှက်တုပ်ကွေးရောဂါပိုးပါဝင်မှုသည် စစ်ဆေးတွေ့ရှိရသည်ထက် ပို၍ များနိုင်ခြေရှိသဖြင့် နွားများတွင်ကူးစက်မှုပိုများနိုင်သည်ဟုလည်းသိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း ရောဂါလက္ခဏာမပြသော နို့စားနွားမတစ်ကောင်ထံမှ အဆုတ်တစ်သျှူးနမူနာတွင် ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိခဲ့ကြောင်း  USDA ကပြောကြားခဲ့ပြီး အဆိုပါနွားများအား အစားအသောက်အဖြစ်ဖြန့်ဖြူးမှုမပြုခဲ့ကြောင်းလည်းသိရသည်။

ယခုအထိ အမဲသားများ၌ ရောဂါပိုးစစ်ဆေးတွေ့ရှိခြင်းမျိုးမရှိသေးသော်လည်း ကိုလွမ်ဘီယာကမူ အမေရိကန်၏ အမဲသားအပါအဝင် အမဲနှင့်ဆက်စပ်ပစ္စည်းများတင်သွင်းခွင့်အား ကန့်သတ်ခဲ့ကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here