အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲခဲ့ပြီး လူဦးရေ ၁၂၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း 

0
461

အင်ဒိုနီးရှားနိုင်ငံ Ruang မီးတောင် အင်္ဂါနေ့မှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ဝကနေ ချော်ရည်တွေဖြာထွက်ကာ လျှပ်စီးလက်မှုတွေဖြစ်ပေါ်နေခဲ့ပြီး အာဏာပိုင်တွေက သတိပေးချက်အဆင့်မြှင့်ခဲ့ကာ ကျွန်းအနီးနေထိုင်ကြတဲ့ လူဦးရေ ၁၂၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ 

သမုဒ္ဒရာအတွင်းကို မီးတောင်အပိုင်းအစတွေပြိုကျမှုကြောင့် ဆူနာမီဖြစ်ပေါ်လာနိုင်တယ်လို့ မီးတောင်ဗေဒနဲ့ ဘူမိဗေဒ အန္တရာယ်လျှော့ချရေးစင်တာက Tagulandang ကျွန်းဒေသခံတွေကို သတိပေးထားပါတယ်။ 

မနက်အစောပိုင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် ယင်းစင်တာက သတိပေးချက်ကို အမြင့်ဆုံးအဆင့်သတ်မှတ်ခဲ့ပြီး မီးတောင်အနီးအနားကို သွားရောက်ခြင်း မပြုကြဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။ 

မီးတောင်တည်ရှိရာ Ruang ကျွန်းပေါ်မှာ နေထိုင်တဲ့ ဒေသခံ ၈၄၃ ဦးစလုံးကို မြောက်ဆူလာဝေစီပြည်နယ် မြို့တော် မာနာဒိုကို ရွှေ့ပြောင်းပေးထားတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးလျှော့ချရေးအေဂျင်စီက ပြောဆိုပါတယ်။ ဒါ့အပြင် Tagulandang ကျွန်းပေါ်က ဒေသခံတွေကိုလည်း ယင်းမြောက်ဖက် ဆိုအာယုကျွန်းကို ရွှေ့ပြောင်းပေးထားတယ်လို့ ဆိုပါတယ်။ 

ယခုလအစောပိုင်းမှာ မီးတောင်ပေါက်ကွဲမှုတွေ ဆက်တိုက်စတင်ဖြစ်ပေါ်ခဲ့ပြီး လူရာပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကာ ပြည်နယ်မြို့တော် မာနာဒိုရှိ လေဆိပ်ကိုလည်း ပိတ်ခဲ့ရပါတယ်။ ယင်းပေါက်ကွဲမှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုလည်းဖြစ်ပေါ်ခဲ့ပါတယ်။ ယင်းအချိန်ကလည်း မီးတောင်ဗေဒဋ္ဌာနက ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိ ပေါက်ကွဲမှု မီးခိုးထုဟာ အမြင့် ၃.၁ မိုင်အထိ ရောက်ရှိခဲ့ပြီး ကျန်ရှိနေတဲ့ ဒေသခံတွေအနေနဲ့ မီးတောင်ကနေ အချင်း ၇ ကီလိုမီတာအကွာသို့ ရွှေ့ပြောင်းနေထိုင်ကြဖို့ မီးတောင်ဗေဒအေဂျင်စီက ပြောဆိုခဲ့ပြီး ပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပေါ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ 

Ref: aawsat.com


LEAVE A REPLY

Please enter your comment!
Please enter your name here