ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် အမျိုးသား (၂)ဦးထံမှ  ငွေကျပ်သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
192

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ဧပြီ (၂၅) ရက်၊ တစ်ရက်တည်းအတွင်း အမျိုးသား (၂)ဦးထံမှ ငွေကျပ် ၁၁၁၂.၁၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ 

ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ (၇၆) လမ်း၊ (၂၇) လမ်းထောင့်တွင် ဧပြီ (၂၅) ရက် နေ့လယ် (၂)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ ဝေဠုအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။  

ထိုသို့ စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၄ ဂရမ် (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၆ သိန်း)၊ Happy Water အ လေးချိန် ၁၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ည (၈)နာရီ (၅)မိနစ်အချိန် ထွန်းဇော်(ခ)သားဝိန်(ခ)အားဝေ အား မဟာအောင်မြေမြို့ နယ်၊ ရဲမွန်တောင်ရပ်ကွက်တွင် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ် (၁) စီး၊ စိတ်ကြွရူးသွပ်ဆေး ပြား (၈၆) ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၇ ၂ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား သိမ်ဆည်းရမိခဲ့ကြောင်း သိရသည်။ 

ထို့နောက် ည (၈)နာရီခွဲ အချိန် ထွန်းဇော်(ခ)သားဝိန်(ခ)အားဝေ နေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၄ လမ်း၊ ၄၀ (ဘီ)လမ်းထောင့်ရှိ နေအိမ်အတွင်းမှ Happy Water အလေးချိန် ၆၇၅ ဂရမ် (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၈၁၀)နှင့် ကက်တမင်း အလေးချိန် ၇၀၂ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၈၀.၈ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ထုတ် ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ဝေဠု (၃၇)နှစ် နှင့် ထွန်းဇော်(ခ)သားဝိန်(ခ)အားဝေ(၄၀)နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ် ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here